အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

Thursday, June 23, 2016

“ကုသိုလ်ဖြစ်ကြောင်း သိကောင်းစရာ”

ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်တို့သည် “ရဟန္တာမဖြစ်သေးသမျှ
ကာလပတ်လုံး မိမိတို့သန္တာန်၌ ကုသိုလ်နှင့်အကုသိုလ်
ဟူ၍ နှစ်မျိုးဖြစ်နိုင်ကြပေသည်”ဟု သိနေကြပေသည်။
“ကုသိုလ်သည် နိဗ္ဗာန်ရောက်သည့်ဘဝတိုင်အောင်
ကောင်းကျိုးအမျိုးမျိုးတို့ကို ရစေ၏။
မိဘသဖွယ်၊ ဆွေမျိုးရင်းသဖွယ် မိမိတို့ကို လိုက်၍
စောင့်ရှောက်၏။အကုသိုလ်သည် နိဗ္ဗာန်ရောက်သည့်
ဘဝတိုင်အောင် မကောင်းကျိုးများကို ရစေ၏။
ရန်သူသဖွယ် မိမိတို့ကို လိုက်၍ နှိပ်စက်တတ်၏”
ဟု သိနေကြပေသည်။

သို့ဖြစ်၍ ကုသိုလ်တရားတို့ကိုတော့ စွမ်းနိုင်သမျှ
ပြုလုပ်နေကြရပေသည်။ အကုသိုလ်တရားများကိုတော့
ကင်းနိုင်သမျှကင်းအောင် ရှောင်ကြဉ်၍
နေကြရပေသည်။ ထိုကုသိုလ်နှင့် အကုသိုလ်တို့တွင်
ကုသိုလ်တရားများဖြစ်နိုင်ခြင်း၏ အကြောင်းမှာ
(၅)ပါးရှိပေသည်။
(၁)။ ယောနိသော မနသိကာရ - သင့်သော
အကြောင်းအားဖြင့် နှလုံးသွင်းတတ်ခြင်း၊
(၂)။ သပ္ပူရိသူပနိဿယ - သူတော်ကောင်းကို အမှီရခြင်း။
(၃)။ သဒ္ဓမ္မဿန - သူတော်ကောင်းတရားကို
နာကြားရခြင်း၊
(၄)။ပတိရူပ ဒေသာဝါသ - သင့်လျော်သော အရပ်၌
နေထိုင်ရခြင်း။
(၅)။ ပုဗ္ဗေစ ကတပုညတာ- ကောင်းမှုအထူးပြုခဲ့ဖူးခြင်း
ဟူသော (၅)ပါးတို့ ဖြစ်ကြပေသည်။
(အဋ္ဌသာလိနီ-ဋ္ဌ-၁၁၇)
❖(၁)။ ယောနိသော မနသိကာရ - သင့်သော
အကြောင်းအားဖြင့် နှလုံးသွင်းတတ်ခြင်းဟူသည် -
အကြောင်းမှန်များကို ဆင်ခြင်၍ မိမိစိတ်ကို
ကောင်းရာဘက်၌ ပြုပြင်ကာထားခြင်းပင် ဖြစ်ပေသည်။
မိမိတို့မှာ တရားသဖြင့်ရှာဖွေ၍ ရရှိထားသော ပစ္စည်း
ဥစ္စာများ ရှိနေသည့်အခိုက်၊ ကြည်ညိုထိုက်သည့်
သီလ သမာဓိ ပညာနှင့်ပြည့်စုံသော အလှူခံပုဂ္ဂိုလ်များနှင့်
တွေ့ကြုံရသည့်အခိုက်၊ စိတ် ၊စေတနာ၊သဒ္ဓါ တရားများ
ထက်သန်နေသည့်အခိုက်တွင် အလှူဒါနပြုလုပ်မှသင့်မည်
ဟု သင့်သောအကြောင်းအားဖြင့် နှလုံးသွင်း
လိုက်ခြင်းသည် မိမိတို့သန္တာန်၌ ဒါနကုသိုလ်ဖြစ်လာခြင်း
အကြောင်းတစ်ပါးပင် ဖြစ်ပေသည်။
မိမိတို့သည် သူတော်ကောင်းတရားတို့ကို အားထုတ်
နိုင်သည့် လူလည်းဖြစ်နေရသည့်အခိုက်၊
မဂ်ဖိုလ်နိဗ္ဗာန်တို့ကို ရစေနိုင်သော သာသနာတော်ကြီး
နှင့်လည်း တွေ့ကြုံနေရသည့်အခိုက်၊
အသက်လည်းရှင်ကာ အသင့်အတင့်ကျန်းမာ
နေသည့်အခိုက်၊ မဂ်ဖိုလ်ရောက်ကြောင်း
သူတော်စောင့်ထိန်း၍ - သမထ၊ ဝိပဿနာ့တရားတို့ကို
အားထုတ်သင့်သည်ဟု သင့်သောအကြောင်းအားဖြင့်
နှလုံးသွင်းလိုက်ခြင်းသည် မိမိတို့သန္တာန်၌ သီလကုသိုလ်၊
သမထ ဝိပဿနာကုသိုလ်တို့ဖြစ်လာခြင်း အကြောင်း
တစ်ပါးပင်ဖြစ်သည်။
❖(၂)။သပ္ပူရိသူပနိဿယ = သူတော်ကောင်းကို
မှီဝဲရခြင်းဟူသည်-
မိကောင်းဖကောင်းများနှင့် အတူတကွ နေထိုင်ရခြင်း၊
ဆရာသမားကောင်းများကို ကိုးကွယ်ဆည်းကပ်နေရခြင်း၊
ဆွေမျိုးမိတ်သင်္ဂဟကောင်းများနှင့် ပေါင်းသင်းဆက်ဆံ
နေရခြင်းတို့သည် သူတော်ကောင်းကို မှီဝဲရခြင်းပင်
ဖြစ်ပေသည်။
ဒါန၊ သီလ၊ သမထ၊ ဝိပဿနာကုသိုလ်များကို ပြုလုပ်
အားထုတ်၍ နေလေ့ရှိကြကုန်သော မိဘ၊ ဆရာသမား၊
ဆွေမျိုးမိတ်သင်္ဂဟဟူသော သူတော်ကောင်းများနှင့်
အတူတကွ နေထိုင်ကြရ၊ပေါင်းသင်းဆက်ဆံကြ
ရသော ပုဂ္ဂိုလ်တို့သည် ထိုသူတော်ကောင်းများကို
မှီဝဲရ၍ ဒါနကုသိုလ်ကိုလည်း ပြုလုပ်နိုင်ကြပေသည်။
သီလကုသိုလ်ကိုလည်း ဆောက်တည်နိုင်ကြပေသည်။
သမထ၊ ဝိပဿနာကုသိုလ်တို့ကိုလည်း ပွားများ
အားထုတ်နိုင်ကြပေသည်။ သို့ဖြစ်၍
သူတော်ကောင်းများကို မှီဝဲရခြင်းသည်လည်း မိမိတို့
သန္တာန်၌ ကုသိုလ်ဖြစ်ခြင်းအကြောင်းတစ်ပါးပင်
ဖြစ်ပေသည်။
❖(၃)။ သဒ္ဓမ္မဿန - သူတော်ကောင်းတရားကို
နာကြားရခြင်းဟူသည်-
ဒါန၊ သီလ၊ သမထ၊ ဝိပဿနာဟူသော သူတော်ကောင်း
တရားတို့ကို နာကြားရခြင်းပင် ဖြစ်ပေသည်။
ဒါနကုသိုလ်ကို ပြုထားခြင်းဖြင့် ယခုဘဝ၊
နောင်ဘဝများ၌ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊
ချမ်းသာများခြင်း၊ အစိုးရခြင်းဟူသော
အကျိုးများကို ရရှိနိုင်သည်။
သီလကို- လုံခြုံအောင် ဆောက်တည်ထားခြင်းဖြင့်
ယခုဘဝ၊ နောင်ဘဝများ၌ ပစ္စည်းဥစ္စာရလွယ်ခြင်း၊
ဂုဏ်သတင်း ကောင်း ကျော်ကြားခြင်း၊
ပရိသတ်အလယ် မျက်နှာမငယ်ခြင်း၊
မတွေမဝေ သေရခြင်း၊ နတ်ပြည်သို့ ရောက်ရခြင်း
အကျိုးများကို ရရှိနိုင်သည်။
သမထ၊ဝိပဿနာတရားကို ပွားများအားထုတ်ခြင်းဖြင့်
နိဗ္ဗာန်ချမ်းသာသို့ ရောက်ရှိသွားနိုင်ခြင်း အကျိုးကို
ရရှိနိုင်သည်ဟူသော သူတော်ကောင်းတရားတို့ကို
နာကြားရခြင်းပင် ဖြစ်ပေသည်။
ဒါနအကျိုးတရားကို နာကြားရသော ပုဂ္ဂိုလ်တို့သည်
ဒါနကုသိုလ်ကို ပြုလုပ်နိုင်ကြပေသည်။
သီလအကျိုးတရားကို နာကြားရသော ပုဂ္ဂိုလ်တို့သည်
သီလကုသိုလ်များရအောင် ဆောက်တည်နိုင်ကြပေသည်။
သမထ၊ ဝိပဿနာ အကျိုးတရားတို့ကို နာကြားရသော
ပုဂ္ဂိုလ်တို့သည် သမထ၊ ဝိပဿနာ ကုသိုလ်တို့ကို
ပွားများအားထုတ်နိုင်ကြပေသည်။ သို့ဖြစ်၍
သူတော်ကောင်း တရားနာကြားရခြင်းသည်လည်း
မိမိတို့ သန္တာန်၌ ကုသိုလ်ဖြစ်ခြင်း အကြောင်းတစ်ပါးပင်
ဖြစ်ပေသည်။
❖(၄)။ ပတိရူပ ဒေသာဝါသ - သင့်လျော်သော အရပ်၌
နေထိုင်ရခြင်း။
❖အအေးအပူ ဥတုရာသီကလည်း မျှတသည့်အရပ်ဒေသ၊
❖ပစ္စည်းဥစ္စာများကိုလည်း တရားသဖြင့်ရှာဖွေ၍
ရလွယ်သောအရပ်ဒေသ၊
❖သာသနာကလည်း ထွန်းကားသည့် အရပ်ဒေသ၌
နေထိုင်ရခြင်းပင် ဖြစ်ပေသည်။
ထိုသင့်လျော်သော အရပ်ဒေသ၌ နေထိုင်ကြရသော
ပုဂ္ဂိုလ်တို့သည် ဒါနကုသိုလ်ကိုလည်း ပြုလုပ်
နိုင်ကြပေသည်။ သီလကုသိုလ်ကိုလည်း ဆောက်တည်
နိုင်ကြပေသည်။ သမထ၊ ဝိပဿနာ ကုသိုလ်များကိုလည်း
ပွားများအားထုတ်နိုင်ကြပေသည်။ သင့်လျော်သော
အရပ်ဒေသ၌ နေထိုင်ကြရသော ပုဂ္ဂိုလ်တို့သည်
အပါယ်တံခါးကို ပိတ်စေနိုင်သည့် အရိယာမဂ်ကုသိုလ်
များကိုပင် ရရှိသွားနိုင်ကြပေသည်။ သို့ဖြစ်၍
သင့်လျော်သော အရပ်ဒေသ၌ နေထိုင်ရခြင်းသည်လည်း
မိမိတို့ သန္တာန်၌ ကုသိုလ်ဖြစ်ခြင်း အကြောင်းတစ်ပါးပင်
ဖြစ်ပေသည်။
❖(၅)။ ပုဗ္ဗေစ ကတပုညတာ = ရှေးဘဝများက
ကောင်းမှု အထူးပြုခဲ့ဖူးခြင်းဟူသည် -
လွန်ခဲ့ပြီးသော ရှေးရှေးအတိတ်ဘဝများက သီလ၊
သမာဓိ၊ ပညာနှင့်ပြည့်စုံသော ပုဂ္ဂိုလ်တို့ထံ၌ ဒါနကုသိုလ်
အထူး၊ သီလကုသိုလ်အထူး စသော ကုသိုလ်အထူးတို့ကို
ပြုလုပ်ခဲ့ခြင်းပင် ဖြစ်ပေသည်။
မြတ်စွာဘုရား ဟောကြားတော်မူသည့် အနမတဂ္ဂသုတ္တန်
ဒေသနာတော်အရ ထိုထိုပုဂ္ဂိုလ်တို့၏ဘဝများသည် အစကို
ရှာ၍မရအောင် ကြာညောင်းခဲ့ကြပေသည်။
မရေမတွက်နိုင်သော ဘဝတို့၌ ဖြစ်ခဲ့ကြရပေသည်။
ထိုထိုဖြစ်ခဲ့ကြရသောဘဝတို့တွင် အချို့အချို့သော
ဘဝတို့၌ သီလ၊ သမာဓိ၊ ပညာနှင့်ပြည့်စုံသော
ပုဂ္ဂိုလ်တို့နှင့် တွေ့ကြုံခဲ့ကြရပေသည်။ ထိုပုဂ္ဂိုလ်တို့ထံ၌
ဒါန၊ သီလစသော ကောင်းမှုအထူးများကို
ပြုခဲ့ဖူးကြပေသည်။ ယင်းကုသိုလ်အထူးများကို
(ပုဗ္ဗေစ ကတပုညတာ) ရှေးဘဝများက ပြုခဲ့ဖူးသော
ကောင်းမှုအထူးဟု ဆိုရပေသည်။
ရှေးရှေးဘဝများက ကုသိုလ်ကောင်းမှုအထူးများကို
ပြုလုပ်ခဲ့ဖူးကြသော ပုဂ္ဂိုလ်တို့သည် ယခုမျက်မှောက်
ပစ္စုပ္ပန်ဘဝသို့ ရောက်လာကြသောအခါ ကုသိုလ်
ကောင်းမှုများ ပြုလုပ်လိုသည့် စိတ်ဆန္ဒများ
များနေတတ်ကြပေသည်။ စိတ်ဆန္ဒများ ရှိကြသည့်အတိုင်း
ဒါနကုသိုလ်ကိုလည်း ပြုလုပ်နိုင်ကြပေသည်။
သီလကုသိုလ်ကိုလည်း ဆောက်တည်နိုင်ကြပေသည်။
သမထ၊ ဝိပဿနာကုသိုလ်များကိုလည်း ပွားများ
အားထုတ်နိုင်ကြပေသည်။ သို့ဖြစ်၍ ရှေးဘဝများက
ကောင်းမှုအထူး ပြုခဲ့ဖူးခြင်းသည်လည်းမိမိတို့ သန္တာန်၌
ကုသိုလ်ဖြစ်ခြင်း အကြောင်းတစ်ပါးပင်ဖြစ်ပေသည်။
❖ပုဗ္ဗေစ ကတပုညတာ = ရှေးဘဝများက ကောင်းမှုအထူး
ပြခဲ့ဖူးခြင်းသည် ကုသိုလ်ဖြစ်ခြင်း၏ (၅)နံပါတ်
ဝေးသောအကြောင်းပင်ဖြစ်ပါသော်လည်း
အားအကြီးဆုံးသော အကြောင်းဖြစ်ပေသည်။
❖ပုဗ္ဗေစ ကတပုညတာ = ရှေးဘဝများက ကောင်းမူအထူး
ပြုခဲ့ဖူးသော ပုဂ္ဂိုလ်တို့သည် ယခုမျက်မှောက် ပစ္စုပ္ပန်
ဘဝ၌ ပတိရူပ ဒေသာဝါသ = သင့်လျော်သော
အရပ်ကောင်း၊ဒေသကောင်းများ၌ ဖြစ်ရပြီး
ကောင်းမှုကုသိုလ်များကို ပြုလုပ်နိုင်ကြပေသည်။
❖ပုဗ္ဗေစ ကတပုညတာ - ရှေးဘဝများက ကောင်းမှု
အထူးပြုခဲ့ဖူးသော ပုဂ္ဂိုလ်တို့သည် ယခုမျက်မှောက်
ပစ္စုပ္ပန်ဘဝ၌ ဒါန၊ သီလ၊ သမထ၊ ဝိပဿနာဟူသော
သူတော်ကောင်းတရားများကို နာကြားချင်သော
စိတ်ဓာတ်များ ရှိနေတတ်ကြပေသည်။ နာကြားချင်သော
စိတ်ဓာတ်များ ရှိနေကြသည့်အတိုင်း သူတော်ကောင်း
တရားများကိုလည်း နာကြားနေကြရပေသည်။
❖ပုဗ္ဗေစ ကတပုညတာ = ရှေးဘဝများက ကောင်းမှုအထူး
ပြုခဲ့ဖူးသော ပုဂ္ဂိုလ်တို့သည် ယခုမျက်မှောက် ပစ္စုပ္ပန်
ဘဝ၌ မိကောင်းဖကောင်း၊ဆရာသမားကောင်းများ
နှင့်လည်း တွေ့ကြရပေသည်။
ဆွေမျိုးမိတ်သင်္ဂဟကောင်းများနှင့်လည်း တွေ့ကြ
ရပေသည်။
❖ပုဗ္ဗေစ ကတပုညတာ - ရှေးဘဝများက ကောင်းမှုအထူး
ပြုခဲ့ဖူးသော ပုဂ္ဂိုလ်တို့သည် ယခုမျက်မှောက် ပစ္စုပ္ပန်ဘဝ၌
အကြောင်းမှန်တို့ကို ရှာဖွေဆင်ခြင်၍ မိမိတို့၏စိတ်ကို
ကောင်းအောင်ပြုပြင်ကာ ကုသိုလ်ဖြစ်အောင်လည်း
နှလုံးသွင်းတတ်ကြပေသည်။
မိမိတို့သည် ယခုမျက်မှောက် ပစ္စုပ္ပန်ဘဝ၌ ဒါန၊သီလ၊
သမထ၊ ဝိပဿနာ ကုသိုလ်ကောင်းမူများကို ပြုလုပ်
နိုင်ကြခြင်းသည် ရှေးရှေး အတိတ်ဘဝများက
ကောင်းမှုအထူးများ ရှိခဲ့ကြလို့ပင် ဖြစ်ကြပေသည်။
ယခုပစ္စုပ္ပန်ဘဝ၌ ကုသိုလ်ကောင်းမှုများ ပြုလုပ်နိုင်ခြင်းကို
ထောက်ထား၍ ရှေးရှေးအတိတ်ဘဝများက
ကုသိုလ်ကောင်းမူအထူးများကိုလည်း သိကြရပေသည်။
ယခုမျက်မှောက် ပစ္စုပ္ပန်ဘဝ၌ ကုသိုလ်ကောင်းမှု
အထူးများကို ပြုလုပ်ထားခြင်းဖြင့် နောင်အနာဂတ်
ဘဝများ၌ ကောင်းမြတ်ရာကောင်းမြတ်ရာဘုံဘဝများသို့
ရောက်သွားကြရမည်ကိုလည်း သိကြရပေသည်။
အကောင်းမြတ်ဆုံး နိဗ္ဗာန်ချမ်းသာသို့
ရောက်သွားကြရမည်ကိုလည်း သိကြရပေသည်။
ဆောင်ပုဒ်။ ။ “ရှေးကကောင်းလို့ ၊ ခုကောင်းပါသည်။
ခုကောင်းရင် ၊နောင်ကောင်းပါလိမ့်မည်။”
ကုသိုလ်၏ ကောင်းကျိုးများကိုသိကြ၍
ကုသိုလ်တရားများကို အလိုရှိကြသော အမျိုးကောင်းသား၊
အမျိုးကောင်းသမီးတို့သည် ကုသိုလ်ဖြစ်ကြောင်း
(၅)ပါးတို့ကို ဆည်းပူးရယူနိုင်ကြပြီးလျှင် အမြတ်ဆုံး
အရိယာမဂ်ကုသိုလ်များကို ရသည့်အထိ ဝိပဿနာ
တရားကို အားထုတ်နိုင်ကြပါစေ။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【မဟာစည်နာယက၊အဂ္ဂမဟာ
ကမ္မဋ္ဌာနာစရိယ၊အရှင်ကုဏ္ဍလာဘိဝံသ-
သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး】
Posted by
www.facebook.com/youngbuddhistassociation.mm
[“လွတ်လပ်စွာ Share နိုင်ပါသည်။
ပေ့ခ်ျများအနေနဲ့ share မယ်ဆိုရင်
စာရေးသူ ဆရာတော်၊ စာရေးသူ လူပုဂ္ဂိုလ်အမည်နဲ့
စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association ကို
credit လေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။”]

Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

အသိဥာဏ်ဖြင့် ဘ၀ကို တည်ဆောက်ပါ။

အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

 

Copyright @ 2013 အရှင်တေဇိန္ဒ ဒိုက်ဦး.