သာသနာ,ဘာသာနဲ့ ယဉ်ကျေးမှုအပါအဝင်
လောကနဲ့သာသနာ တိုးတက်ရာတိုးတက်ကြောင်း
အထောက်အကူပြုကောလိပ်လေးတခု
တည်ထောင်ကြပြီး အတွေ့အကြုံရှိကြတဲ့
မထေရ်လတ်လေးများ စုပေါင်းပို့ချတဲ့
သင်တန်းမှာ-..
ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲလဲ ထုံးစံအတိုင်း
ပြုလုပ်ပေးတယ်။
သင်တန်းသားတိုင်းက ဓမ္မာစရိယတန်းအောင်ပြီးတဲ့
အရည်အချင်းပြည့် ရဟန်းနဲ့ဆရာလေးများဖြစ်ကြလို့
ဘာအခက်အခဲမှ မရှ်သလောက်ပါပဲတဲ့။
အဓိကကြုံရတဲ့အခက်အခဲကတော့-
ပညာကို မသင်ရသေးမီ ကျောင်းစဖွင့်တာနဲ့-
"သင်တန်းပြီးသွားတဲ့အခါ ဒီဘွဲ့တွေနဲ့
အလုပ်လုက်ရမယ့်နေရာကိုရော စီစဉ်ပေးမှာလား"
ဆိုတဲ့မေးခွန်းက စတက်လာတဲ့ပြဿနာပါပဲတဲ့။
ဒီပြဿနာဟာ သင်တန်းတိုင်းလိုလိုမှာ ကြုံရတဲ့
ပြဿနာတခု ဖြစ်နေကြပုံရပါတယ်။
(ပွင့်လင်းမြင်သာပြောရမယ်ဆိုရင်တော့)
ဘွဲ့နဲ့ပညာ မသဲမကွဲသင်ကြားရတဲ့
သမရိုးကျ ပညာရေးစနစ်ရဲ့ချို့တဲ့မှုက
ဆင်းသက်လာတဲ့ အတွေးအခေါ်(ခံယူချက်)မှားကြီး
ပါပဲ။
ပညာဆိုတာ
နေရာရဖို့အတွက် သင်ကြရမှာလား?
တာဝန်ယူနိုင်စွမ်း ပြညိ့ဝဖို့အတွက်
သင်ကြရမှာလား!
ဒီရည်ရွယ်ချက်က
သင်ပေးသူရော သင်ယူသူပါ နှစ်ဦးနှစ်ဘက်လုံး
အမြင်မကြည်တဲ့ပြဿနာက စတင်ကူးစက်
ပြန့်ပွားလာတဲ့ 'ပညာရေး ကိုယ်ခံစွမ်းအား
ကျဆင်းရောဂါ'ဖြစ်မယ်ထင်ပါတယ်။
မြတ်စွာဘုရားရှင်က ပထမဝါတွင်းမှာ
တပည့်ခြောက်ကျိတ်တို့ကို သင်ကြားပေးတယ်၊
တပည့်အားလုံးက နေရာအကြောင်း မမေးကြပါဘူး၊
ဘာဖြစ်လို့လဲဆိုတော့
မင်းမျိုးနွယ် သူကြွယ်မျိုးနွယ်ကနေ
စွန့်ခွာလာကြတဲ့ ဒီသင်တန်းသားအားလုံးဟာ..
"နေရာဆိုတာ တဘဝတာတည်းခိုခွင့်အတွက်တောင် ရေရာသေချာတဲ့အာမခံချက်မရှိတဲ့
လောကရဲ့ ပိုင်းခြားသတ်မှတ်ချက်ကလေးတခုမျှသာ"
ဆိုတာ သူတို့ဘဝအတွေ့အကြုံအရ သိထားပြီးသား။
ဒါကြောင့် ဘုရားရှင်က သင်ပေးသမျှ ညွှန်ကြားသမျှကိုသာ သဘောတရားရောလက်တွေ့ပါ
(ဝိဇ္ဇာစရဏသမ္ပန္န)ပြည့်စုံအောင် ကြိုးစားကြ
ပါတယ်။
သူတို့ ရည်မှန်းချက် ဝါမကျွတ်မီမှာပဲ
ကိုယ်ရေးကိုယ်တာ လုပ်စရာမကျန်အောင်
ပြီးမြောက်အောင်မြင်သွားကြပါတယ်။
ကိုယ်ရေးကိုတာပြည့်စုံကြပြီဖြစ်လို့
နေရာအကြောင်း မစဉ်းစားကြပါဘူး။
သူတို့စဉ်းစားတာက..
သူတို့ ရရှိထားတဲ့ "ဒီအမြတ်ရတနာတွေ
တလောကလုံးနဲ့ ဆက်ဆံအောင် ဘယ်နည်းဘယ်ပုံ
အသုံးချမလဲ"ဆိုတာပါပဲ။
ဝါကျွတ်ပြီးတော့ မြတ်ဗုဒ္ဓက သူတို့ဆန္ဒကို
ထပ်ဖြည့်ပေးတော်မူလိုက်တယ်။
"သင်တို့ဟာ ငါဘုရားလိုပင်
ကိုယ်ရေးကိုယ်တာ ပြီးပြည့်စုံသူ,
ဘဝလုံခြုံသူတွေ ဖြစ်ကြပြီ၊
ကဲ-
ရဟန်းတပါး ခရီးတကြောင်း ဒေသစာရီလှည့်ကြ...!
ရရှိထားတဲ့အမြိုက်တရားနဲ့ လောကကျိုးဆောင်ကြ.!
အကျင့်မြတ်ရဲ့ပြည့်စုံမှုကို ထင်ရှားပြကြ..!ဆိုပြီး
တာဝန်ပေးလိုက်ပါတယ်။
"ဘယ်ကိုသွားလို့ ဘယ်မှာနေကြ"လို့
ဘုရားရှင်ကလဲ မမိန့်ကြားဘူး
တပည့်များကလဲ ဒါကို ပြဿနာတရပ်လုပ်ပြီး
မမေးလျှောက်ဘူး။
ဘာ့ကြောင့်လဲ?
ဘုရားရှင်ကလဲ တာဝန်ယူနိုင်တဲ့ အရည်အချင်း
ပြည့်အောင် သင်ပေးပြီးပြီ၊
တပည့်တွေကလဲ ပြည့်ဝကြပြီ။
ဘယ်နေရာသွားမလဲ?
ပေးစရာ အကောင်းဆုံးပါပြီး
ပေးလိုစိတ်အပြည့်နဲ့လာသူတို့အတွက်
နေရာတွေ..
လိုအပ်နေတဲ့ နေရာတွေ..
လောကကြီးတခုလုံးသာမက
လောကသုံးပါးလုံး
နေရာတွေပေါမှပေါ။
ပေးနိုင်သူနဲ့ ရလိုသူ အင်အားမမျှလို့
ပေးနိုင်သူတွေ တိုးသည်ထက်တိုးအောင်
ဘုရားရှင်က ခွင့်ပြုချက် အသစ်အသစ်တွေနဲ့
ချီးမြှောက်ပေးနေရတယ်.,
ရှင်,ရဟန်းပြုပေးခွင့် မဆင့်ဆင့်တွေနဲ့.,
ပေးစရာ,ပေးလိုစိတ်
တာဝန်ယူနိုင်စွမ်း တာဝန်ယူလိုစိတ်
ပြည့်စုံ ပြည့်ဝကြသူတို့အတွက်
နေရာတွေက နေရာတကာမှာ
အသင့် ငံ့လင့်ကြိုဆိုကြလျှက်ပါ..
ပေးချင်သူ,ပေးနိုင်သူ ဖြစ်လိုသလား?
ရချင်သူ,ရနိုင်သူ ဖြစ်ချင်သလား!
တာဝန်ယူချင်တာလား?
နေရာယူချင်တာလား?
ပေးစရာ ရှာမလား?
ရစရာ ရှာမလား?
ကြိုက်ရာရွေး
ကြိုက်ရာသွား
ကိုယ်သွားတဲ့ခရီး
ကိုယ်ရောက်မယ်..
ပေးနိုင်သူ,ပေးလိုသူတို့ကို
ကြိုဆိုသူတွေ စောင့်နေမယ်။
ရလိုသူ,ရချင်သူကို
ငြူစူသူတို့ စောင့်နေမယ်
ရည်မှန်းချင်နဲ့ တန်ရတန်ရာတော့
ရှာင်လွှဲမရနိုင်ဘူးပေါ့.,
ကိုယ်သွားတဲ့နေရာ ကိုယ်ရောက်မှာပါပဲ။
အပ္ပမာဒေန သမ္ပာဒေထ...!
၉.၁.၁၆၊ရန်ကုန်။
ဓမ္မဘေရီဆရာတော်
0 comments:
Post a Comment
အသိဥာဏ်ဖြင့် ဘ၀ကို တည်ဆောက်ပါ။