သရဏဂုံ မဆောက်တည်ဘဲ သီလယူနိုင်သော်လည်း သရဏဂုံတည်ပြီးမှ ဆောက်တည်ကျင့်သုံးအပ်သော သီလသည်သာလျှင် ပိုမိုပြီး ကောင်းကျိုးကြီးမားမြင့်မားသောကြောင့် ရှေးဦးစွာ သရဏဂုံ ဆောက်တည်ပြီးမှသာ ငါးပါးသီလ၊ ရှစ်ပါးသီလ စသည်တို့ကို ဆောက်တည်ကြရမည်ဖြစ်၏။
စေတီ၊ ပုထိုး၊ ရုပ်ပွား၊ ဆင်းတုတော် များကို တွေ့မြင်သောအခါနှင့် ရဟန်းသံဃာတော်များကို တွေ့မြင်သောအခါ မိဘတို့က “ရှိခိုးကြ၊ ဦးချကြ” ဟု ခိုင်းသောကြောင့် ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်သော ကလေးသူငယ်တို့၏ မိရိုးဖလာ သရဏဂုံသည် ဥာဏ်မယှဉ်( ဥာဏဝိပ္ပယုတ်ဖြစ်) သော သရဏဂုံဖြစ်သည်။
ဤသရဏဂုံသည်လည်း ကောင်းကျိုးရနိုင်၏။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး၏ ဂုဏ်တော်များကို မဖောက်မပြန် မှန်ကန်စွာ ပါဠိအနက် အဓိပ္ပာယ် ထင်မြင်၍ သုဂတိဘဝအဆင့်ဆင့်နှင့် နိဗ္ဗာန်တိုင်အောင် ကောင်းကျိုးရနိုင်သည်ဟု ယုံကြည်သက်ဝင်လျက် ရတနာသုံးပါးတို့ကို ကိုးကွယ်ဆည်းကပ်သူတို့၏ သရဏဂုံသည် ဥာဏ်နှင့်ယှဉ် (ဥာဏသမ္ပယုတ်ဖြစ်) သော သရဏဂုံ ဖြစ်၏။ သရဏဂုံ၏ ကောင်းကျိုးအားနိသင်ကား လူ့ဘဝ နတ်ဘဝ၏ ပြည့်စုံခြင်း လူ့စည်းစိမ်၊ နတ်စည်းစိမ်၊ ဗြဟ္မာစည်းစိမ် ချမ်းသာများနှင့် ပြည့်စုံသည့်အပြင် မဂ်၊ဖိုလ်နိဗ္ဗာန်တိုင်အောင် ကောင်းကျိုးပေးနိုင်သည်။
တိသရဏ ဂမနိယထေရ်(အစစ်အမှန်သရဏဂုံအကျိုး)
တိသရဏဂမနိယထေရ် အလောင်းသည် ဝိပဿီဘုရားလက်ထက် ဗန္ဓုမတီမြို့၌ မျက်မမြင် မိဘနှစ်ပါးကို လုပ်ကျွေးမွေးမြူနေ၏။ ထိုခေတ်က လူ့သက်တမ်းသည် အနှစ်တစ်သိန်းရှည်၏။ ဝိပဿီမြတ်စွာဘုရား၏ လက်ယာရံ အဂ္ဂသာဝက “နိသဘ” မထေရ်၏ထံတွင် တိသရဏဂမနထေရ်အလောင်းလုလင်သည် သရဏဂုံ ဆောက်တည်၍ အနှစ်တစ်သိန်းကာလပတ်လုံး မညှိုးနွမ်း မပျက်စီးအောင် စောင့်ထိန်း၏။ သေသောအခါ ထိုသရဏဂုံ ကောင်းမှုဖြင့်ပင် တာဝတိ`ံသာနတ်ပြည်မှ နတ်သားဖြစ်လေ၏။
ထိုသရဏဂုံ ကောင်းမှုကြောင့်ပင် တိသရဏဂမနိယထေရ် အလောင်းနတ်သားသည် အပူဇော်ခံရခြင်း၊ ခပ်သိမ်းသော နတ်တို့ မိမိအလိုသို့ လိုက်ရခြင်း၊ မနှိုင်းယှဉ်နိုင်သော စည်းစိမ်ကိုရခြင်း၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိခြင်း၊ အဆွေခင်ပွန်းတို့ (အနှောက်အယှက်ပေးရန်) မလှုပ်ရှားနိုင်ခြင်း၊ ကျေးဇူးသတင်း ကျော်စောခြင်း၊ သိကြားမင်းဖြစ်ရခြင်း၊ စကြဝတေးမင်းဖြစ်ရခြင်း၊ မရေတွက်နိုင်အောင် ပဒေသရာဇ်မင်းဖြစ် ရခြင်း၊ ကောင်းကျိုးအာနိသင်တို့ကို ရရှိပြီးနောက် ယခုဂေါတမမြတ်စွာဘုရားလက်ထက်တော်၌ သာဝတ္ထိပြည် မှာ အလွန်ချမ်းသာကြွယ်ဝသော အမျိုးမှာ လူလာဖြစ်၏။
(၇)နှစ်အရွယ်မျှ ရှိသေးသော တိသရဏဂမနိယထေရ်အလောင်း သူငယ်ကလေးသည် ကစားဖော်များနှင့်အတူ သံဃာ့အာရာမ်သို့ သွား၏။ ရဟန္တာတစ်ပါးက သူငယ်အား တရားဟော၍ သရဏဂုံ ဆောက်တည်စေ၏။
သူငယ်ကလေးသည် ရှေးရှေးဘဝက မိမိစောင့်ထိန်းခဲ့ဖူးသော သရဏဂုံကို အောက်မေ့ဆင်ခြင်၍ ဝိပဿနာကို တွင်တွင်ကြီး ပွားများပြီး အားထုတ်လိုက်သောအခါ တစ်နေရာတစ်ထိုင်တည်းမှာပင် အရဟတ္တဖိုလ်သို့ ရောက်သွား၏။ (၇)နှစ်သားအရွယ်မှာပင် ဘုရားက ရဟန်းပြုပေး၍ “ရဟန္တာသခင် တိသရဏဂမနိယ ထေရ်အရှင်”ဟု သာသနာတော်တွင် ထင်ရှားကျော်စောတော်မူခဲ့သည်။
( ထေရာပဒါန် သုဘူတိဝဂ်) “အရင်းစစ် အမြစ်မြေက” ဆိုသလို တိသရဏဂမနိယထေရ်အရှင် ရဟန္တာအဖြစ်သို့ ရောက်တော်မူသည်မှာ သရဏဂုံ၏ ကျေးဇူးဂုဏ်သတ္တိ အထောက်အပံ့များကြောင့်လည်းကောင်း၊ ရှုမှတ်ပွားများလိုက်သော ဝိပဿနာ အစွမ်းကြောင့်လည်းကောင်း အရဟတ္တဖိုလ်သို့ဆိုက်ရောက်ခဲ့ကြောင်း မှတ်သားရမည်ဖြစ်၏။
ဘီလူးအဆွဲခံရသော သူငယ်(မိရိုးဖလာသရဏဂုံအကျိုး)
ရာဇဂြိုဟ်မြို့ကြီး၌ သမ္မာဒိဋ္ဌိ အယူရှိသူ၏ သားနှင့် မိစ္ဆာဒိဋ္ဌိအယူရှိသူ၏သား သူငယ်ချင်းနှစ်ယောက်တို့သည် ခုံညင်းကစားကြရာ သမ္မာဒိဋ္ဌိသူငယ်က “နမော ဗုဒ္ဓဿ (မြတ်စွာဘုရားရှင်အား ရှိခိုးပါ၏)” ဟုဆို၍ ခုံညင်း ပစ်၏။ အမြဲတမ်းနိုင်၏။ ထိုအခါ မိစ္ဆာဒိဋ္ဌိသူငယ်က ဤသူသည် “နမော ဗုဒ္ဓဿ( မြတ်စွာဘုရားရှင်အား ရှိခိုးပါ၏) ဟုဆို၍ ” ကစားလျှင် အမြဲနိုင်သည်ဟု မှတ်သား၍ သူလည်း “နမော ဗုဒ္ဓဿ” ရအောင် လေ့ကျက် သင်ကြားထား၏။
တနေ့တွင် မိစ္ဆာဒိဋ္ဌိသူငယ်၏ ဖခင်တောသို့ ထင်ခုတ်သွားရာ သားငယ်ကိုပါ ခေါ်သွား၏။ ထင်းခုတ်ပြီးပြန်အလာ မြို့ပြင်သုဿန်အနီးတွင် ရေမိုးကောင်း၍ လှည်းဖြုတ် ထမင်းစား အပန်းဖြေ၏။ ဖြေလွတ်ထားသော နွားတို့သည် ညနေတွင် မြို့တွင်းဝင်သည့် နွားများနှင့်အတူ ရောဝင်လိုက်ပါသွားကြ၏။ ဖခင်သည် နွားပျောက်ရှာရင်း သူ့နွားများ မြို့တွင်းသို့ ရောပါသွားသည်ဟု သတင်းရ၍ မြို့တွင်းသို့ သွားရောက်ရှာဖွေ တွေ့ရှိသော နွားတို့ကို ဆွဲယူပြီး ပြန်လာရာ မြို့တံခါးပိတ်ထားပြီ ဖြစ်သောကြောင့် မြို့ပြင်သို့ ထွက်ခွင့်မရတော့ပေ။
သားငယ်သည် တစ်ယောက်ထီးတည်း သုဿန်၏အနီးဝယ် ညဥ့်အမှောင်ရောက်လျှင် လှည်းအောက်သို့ ဝင်ရောက်အိပ်ပျော်သွား၏။ ညဥ့်နက်လျှင် အစာရှာ ဘီလူးနှစ်ဦးတို့သည် အိပ်ပျော်နေသော သူငယ်ကို တွေ့၏။ သမ္မာဒိဋ္ဌိဘီလူးက တားမြစ်ပါသော်လည်း မရဘဲ မိစ္ဆာဒိဋ္ဌိဘီလူးက စားဖို့ရန် သူငယ်၏ ခြေကို ကိုင်၍ ဆွဲယူ၏။
ထိုအခါသူငယ်သည် သင်ကြားထားပြီးသော လေ့ကျက်မှုအရ “နမော ဗုဒ္ဓဿ’ ဟု ယောင်ယမ်း ရွတ်ဆိုလိုက်၏။ ထိုအခါ မိစ္ဆာဒိဋ္ဌိဘီလူးကို သမ္မာဒိဋ္ဌိဘီလူးက ငါရှိပါလျက် သင်သည် မပြုထိုက်သော အလုပ်ကို ပြုလုပ်၏။ သင်သည် သူငယ်အတွက် ဒဏ်ဆောင်ရမည်ဟု ဆို၏။ ဘီလူးနှစ်ဦး တစ်ညလုံး သူငယ်ကို စောင့်ရှောက်လျက် နေကြရ၏ သူငယ်ထမင်းမစားရသေးသည်ကို သိ၍ မိစ္ဆာဒိဋ္ဌိဘီလူးသည် မြို့ထဲသို့ဝင်၍ ရှင်ဘုရင်စားသော ရွှေခွက်ကို ထမင်းအပြည့်ထည့်၍ ယူလာ၏။ ဘီလူးနှစ်ဦးတို့သည် မိဘနှစ်ပါးယောင်ဆောင်၍ သူငယ်ကို ကျွေးရ၏။
နံနက်လင်းသောအခါ မင်းကြီး၏ ရွှေခွက်ပျောက်၍ မြို့တံခါးပိတ်ပြီးရှာ၏။မတွေ့။ မြို့ပြင်သို့ထွက်ရှာရာ ထင်းလှည်းပေါ်မှာ ရွှေခွက်ကို တွေ့၏။သူငယ်ကို ဖမ်းဆီး၍ မင်းကြီးထံအပ်၏။ စစ်မေးသောအခါ မိဘတို့ လာကျွေး၍ စားရသည်ဟု သူငယ်ကဖြေဆို၏။ မိဘတို့ကို စစ်မေးသောအခါ မြို့ထဲမှာပင် ညက သူတို့ရှိနေ ကြောင်းကို သက်သေပြနိုင်ကြ၏။မင်းကြီးလည်း သားအမိ သားအဖ သုံးယောက်လုံးကို ခေါ်၍ ဘုရားထံသွား၏ ဗုဒ္ဓါနုဿတိ (ဘုရားကို သတိရခြင်းသည် အကာအကွယ်ဖြစ်ပါနိုင်သလား)ဘုရားဟု ဗိမ္ဗိသာရမင်းကြီးက ဘုရားရှင်အား မေးမြန်းလျှောက်ထားသောအခါ ဘုရားရှင်က..
“ဗုဒ္ဓါနုဿတိသာလျှင် အစောင့်အရှောက် ဖြစ်နိုင်သည်မဟုတ် လူ့ခန္ဓာကိုယ်တွင် ခြောက်ဌာနလုံခြုံအောင် စိတ်ကို ကောင်းစွာ ပွားများကြသော သူတို့အား အခြားသော အကာအကွယ် မန္တန်ဆေးဝါး ဆောင်စရာ မလိုတော့ပြီ” ဟူ၍ ဟောကြားတော်မူပါသည်။
ထိုအခြင်းအရာကို လေ့လာသုံးသပ်ကြည့်မည်ဆိုလျှင်လည်း သရဏဂုံ၏ တန်ဘိုးကြီးမားပုံကို တွေ့မြင်ရမည်ဖြစ်၏။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်ရခြင်းကို ဂုဏ်ယူလျက် သရဏဂုံသုံးပါးကို အသက်ထက်ဆုံး ကျင့်သုံးဆောက်တည်နိုင်အောင် ကြိုးစားကြရမည်ဖြစ်၏။ အပါယ်လေးပါး မှ ကင်းလွတ်နိုင်သော ကုသိုလ်(၇)မျိုးတွင်လည်း သရဏဂုံကုသိုလ်ပါဝင်နေသောကြောင့် ထိုသရဏဂုံကုသိုလ် ကို မရ ရအောင် ဆောက်တည်ကျင့်ကြံပွားများကြပါလို့တိုက်တွန်းလိုက်ရပါသည်။
မှတ်ချက်။ ။ ဤ၌ “နမော ဗုဒ္ဓဿ” ဟုရွတ်ဆိုခြင်းသည် “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ဟု တိုက်ရိုက်မဆိုသော်လည်း ဘုရားကို ကိုးကွယ်ဆည်းကပ်ခြင်းသို့ အလိုအလျောက် သက်ရောက် အကျုံဝင် သွားသည်ဟု သဘောပေါက် နားလည်ရမည်ဖြစ်ပါသည်။
ကျမ်းကိုး။ ။ ဗုဒ္ဓဘာသာကောင်းတစ်ယောက်စာအုပ်( သာသနာရေးဝန်ကြီးဌာန )
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
0 comments:
Post a Comment
အသိဥာဏ်ဖြင့် ဘ၀ကို တည်ဆောက်ပါ။