အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

Saturday, January 9, 2016

ဦးဇောတိက၏အဆုံးအမများ

🍀 မြင့်မြတ်မှု 🍀
🌹🌹🌹
ဘဝကိုကျေနပ်မှုအပြည့်ရချင်ရင် လုပ်သမျှအားလုံးကို မြင့်မြတ်တဲ့ကျင့်စဉ်ဖြစ်အောင်လုပ်ပါ။ တခြားနည်းနဲ့တော့ ကျေနပ်မှုအပြည့်ရမှာမဟုတ်ဘူး။ ခဏလောက် အပေါ်ယံကျေနပ်မှုပဲရမယ်။
🌹🌹🌹
အမှန်တရား၊ သဘာဝတရားကို နက်နက်နဲနဲလေ့လာမယ်ဆိုရင် နောက်ဆုံးအဆင့်မှာ မြင့်မြတ်တဲ့သဘောထား၊ မြင့်မြတ်တဲ့အမြင်ကို ရမှာပဲ။
🌹🌹🌹
စိတ်ဓာတ်ရင့်ကျက်မှုဆိုတာ မြင့်မြတ်မှုနဲ့တွဲနေပါတယ်။ မြင့်မြတ်မှုဆိုတာ သတိနဲ့အမြဲတန်းနေတဲ့သူမှ ရနိုင်တယ်။
🌹🌹🌹
ဒီခန္ဓာကိုယ်ကိုတော့ မိဘက မွေးဖွားပေးလိုက်တာပဲ။ ဒါပေမဲ့ မှားတယ်၊မှန်တယ်ဆိုတာကို ကိုယ်ပိုင်ဥာဏ်နဲ့သိလာတဲ့အခါကျမှ စိတ်ဓာတ်ရင့်ကျက်မှုဟာမွေးဖွားလာတယ်၊ မြင့်မြတ်တဲ့အသိအမြင်ဟာမွေးဖွားလာတယ်လို့ ဆိုရမယ်။
🌹🌹🌹
လူမှာ မြင့်မြတ်တဲ့သဘာဝရှိပါတယ်။ အင်မတန်အဆင့်မြင့်တဲ့၊ အင်မတန်မြင့်မြတ်တဲ့ အသိဥာဏ်ထူးတွေကို ရနိုင်တဲ့သတ္တဝါဖြစ်တယ်။ လူ့ဘဝရလာတာ မြင့်မြတ်တဲ့သဘာဝကို ပိုပြီးတော့အားကောင်းလာအောင် ကြိုးစားဖို့၊ ပြုစုပျိုးထောင်ဖို့ပါပဲ။ လူရဲ့မြင့်မြတ်မှုကိုအကောင်အထည်မဖော်ရင် အဲဒီလူဟာ အသိဥာဏ်ပြည့်စုံတဲ့သူမဖြစ်နိုင်ဘူး။
🌹🌹🌹
ကိုယ့်ကိုယ်ကိုလူသားဆိုတာကို လေးစားတဲ့စိတ်၊ တန်ဖိုးထားတဲ့စိတ်၊ မြတ်နိုးတဲ့စိတ် ရှိရမယ်။ ကိုယ့်ရဲ့လူသားဆိုတဲ့မြင့်မြတ်မှုကို ကိုယ့်ဟာကိုယ်မဖျက်ဆီးသင့်ဘူး၊ ကိုယ့်ဂုဏ်သိက္ခာကို ကိုယ် မချသင့်ဘူး။
🌹🌹🌹
ကိုယ့်ရဲ့လူသားဆိုတဲ့မြင့်မြတ်မှုကို အသိအမှတ်ပြုပြီးတော့ အဲဒါကို သိသိမှတ်မှတ် လေးလေးစားစားပဲ ရွေးချယ်ယူဖို့လိုတယ်။ တကယ်ပြည့်ဝတဲ့၊ ပြည့်စုံတဲ့၊ ချို့တဲ့မှုမရှိတဲ့၊ လူပီသတဲ့လူသားတစ်ယောက် ဖြစ်လာဖို့ဆိုရင် အဲဒီလိုရွေးချယ်မှုကို လုပ်ကိုလုပ်ရမယ်။
🌹🌹🌹
စိတ်ရွှင်လန်းမှုဆိုတဲ့ခံစားမှုဟာ ကိုယ့်စိတ်ကိုကိုယ်သိပြီးတော့ ကိုယ့်ရဲ့အကောင်းဆုံးစိတ်ထားနဲ့ အသိဥာဏ်တွေကို ဖြစ်ပေါ်လာအောင်လုပ်လိုက်တဲ့အခါမှာ ရရှိလာတဲ့၊ဖြစ်ပေါ်လာတဲ့ (emotion) ခံစားမှု ဖြစ်တယ်။
🌹🌹🌹
စိတ်ရွှင်လန်းမှုဟာ ကိုယ့်ကိုယ်ကို တန်ဖိုးရှိတဲ့လူသားတစ်ယောက်၊ ဂုဏ်သိက္ခာရှိတဲ့လူသားတစ်ယောက်၊ ငါဟာ မြင့်မြတ်တဲ့လူသားတစ်ယောက်ပါဆိုတာမျိုးကို စိတ်ထဲမှာ ခိုင်ခိုင်မာမာလေးလေးနက်နက် ခံစားလိုက်ရတဲ့ခံစားမှုပေါ်မှာ အခြေခံတယ်။ လူဖြစ်ပြီးတော့ လူရဲ့မြင့်မြတ်မှုကို နက်နက်နဲနဲ မခံစားရရင် လူဖြစ်ကျိုးမနပ်သေးဘူး။
🌹🌹🌹
အမှန်တော့ လူမျိုးခွဲခြားတာဟာ စိတ်ကိုကျဉ်းမြောင်းသွားစေတယ်။ သဘောထားသေးသွားစေတယ်။ လူသားဆိုတာကို တစ်ခုတည်း၊တစ်ပေါင်းတည်းသဘောထားနိုင်ရင် ကောင်းတယ်။ အဲဒါ ပိုပြီးတော့ ကြီးမြတ်တဲ့၊ လေးနက်တဲ့၊ ပြည့်ဝတဲ့၊ ပြည့်စုံမှန်ကန်တဲ့သဘောထားဖြစ်တယ်။
🌹🌹🌹
ခင်မင်လေးစားတဲ့စိတ်ဟာ အဆင့်အတန်းမြင့်မားတဲ့စိတ်ထား ဖြစ်တယ်။ မေတ္တာစိတ်၊ ကရုဏာစိတ်ဟာ မြင့်မြတ်တဲ့စိတ်ဖြစ်တယ်။
🌹🌹🌹
မြင့်မြတ်တာကိုအာရုံပြုတဲ့အချိန်မှာ သန့်ရှင်းတာလှပတာကိုအာရုံပြုတဲ့အချိန်မှာ စိတ်က ကျန်းမာနေတယ်လို့ ပြောလို့ရတယ်။
🌹🌹🌹
မြတ်စွာဘုရားရဲ့ ကျက်သရေရှိတာ၊ တည်ငြိမ်တာ၊ အေးချမ်းတာ၊ သန့်ရှင်းတာ၊ မေတ္တာ, ကရုဏာ ကြီးတာ၊ ခိုင်မာတာ၊ ရင့်ကျက်တာ၊ လွတ်လပ်တာကို စိတ်ကမှန်းလို့ ရသွားပြီဆိုရင် ကိုယ့်စိတ်က အရင်စိတ်နဲ့ မတူတော့ဘူး၊၊ နည်းနည်းမြင့်မြတ်သွားပြီ။
🌹🌹🌹
ကိုယ့်အမြင်တွေ ကိုယ့်စိတ်ထားတွေ ပိုပြီးအဆင့်မြင့်လာအောင် ဘယ်လိုလူနဲ့ဆက်ဆံရမလဲ၊ ဘယ်လိုအာရုံမျိုးကိုအာရုံပြုရမလဲဆိုတာကို သေသေချာချာစဉ်းစားပြီး ရွေးချယ်ဖို့လိုတယ်။ ကိုယ်တွေးနေတဲ့အတွေးတွေကိုလည်း သိနေဖို့လိုတယ်။ ကိုယ့်အတွေးတွေက ကိုယ့်ဘဝကို အများဆုံးလွှမ်းမိုးတယ်။ အာရုံတွေက အတွေးကိုလွှမ်းမိုးတယ်။ အတွေးက ဘဝကိုလွှမ်းမိုးတယ်။
🌹🌹🌹
လောကကြီးမှာတော်တော်များများဖြစ်နေတာက ကိုယ်ကသူ့ကိုအနိုင်မယူရင် သူကကိုယ့်ကိုအနိုင်ယူတတ်တယ်။ အဲဒီတော့ တချို့လူတွေက အဲသလိုဖြစ်မှာကိုကြောက်ပြီးတော့ သူကကိုယ့်ကိုမနိုင်ခင်မှာ ကိုယ်ကဦးအောင် အနိုင်ယူတဲ့သဘောမျိုးရှိတယ်။
🌹🌹🌹
တချို့ ပြောလေ့ပြောထရှိတဲ့ စကားလေးတစ်ခုကိုလည်း ကြားဖူးတယ်။ ဟန်ကိုယ့်ဖို့၊ မာန်သူ့ဖို့ လို့ ပြောကြတယ်။ အဓိပ္ပာယ်က ကိုယ့်အတွက်အကျိုးများချင်ရင် ဟန်ဆောင်ပြီးဆက်ဆံပါ။ ဟန်ဆောင်ပြီးဆက်ဆံတာ ကိုယ့်အတွက်အကျိုးရှိတယ်လို့ ဆိုလိုတာ။ ဟန်ဆောင်ပြီးဆက်ဆံတာ ကောင်းသလား၊ ရိုးရိုးသားသားဆက်ဆံတာ ကောင်းသလား။ အဲဒီတော့ လူ့လောကမှာနေရတာ တော်တော်တော့မလွယ်ဘူးနော်။ ဘယ်လိုသဘောထားမျိုး ထားရမလဲလို့ လေးလေးနက်နက်စဉ်းစားလေလေ ဆုံးဖြတ်ရခက်လေလေပဲ။
🌹🌹🌹
လောကမှာ တကယ်စိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်၊ တကယ်အသိဥာဏ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်လို့ ခေါ်လောက်တဲ့ပုဂ္ဂိုလ်တွေဟာ သူများဘယ်လိုနေနေ သူတို့ရဲ့ လေးနက်တဲ့၊မြင့်မြတ်တဲ့ခံယူချက်ဟာ ဘယ်တော့မှမပြောင်းဘူး။
🌹🌹🌹
ကိုယ့်စိတ်ကို ဘယ်လိုဖြစ်အောင်ထားမယ်ဆိုတာကို ကြိုကြိုတင်တင်သိသိမှတ်မှတ်စဉ်းစားမထားရင်, ဆုံးဖြတ်မထားရင် ပြင်ပကအရာတွေက ကိုယ့်ကိုလွှမ်းမိုးသွားလိမ့်မယ်။ နဂိုကတည်းက ကိုယ့်စိတ်ကို ဘယ်လိုဖြစ်အောင်ကြိုစားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ကျင့်စဉ်မရှိရင် ကြုံရာအာရုံတွေက ကိုယ့်စိတ်ကို လုပ်ချင်သလိုလုပ်တော့မယ်။ ကြုံရာအာရုံတွေကို လုပ်ချင်သလိုလုပ်ခွင့်ပေးထားသလို ဖြစ်သွားမယ်။ အဲဒီလိုပေးထားရင် ကိုယ့်စိတ်က ပရမ်းပတာဖြစ်သွားနိုင်တယ်။
🌹🌹🌹
ကြုံရာအာရုံကိုလိုက်ပြီး ကြုံသလိုဖြစ်နေမယ်ဆိုရင် ကိုယ့်ရဲ့စိတ်ဓာတ်နဲ့အသိဥာဏ်ဟာ တိုးတက်မှု၊ ကြီးပွားမှု ဖြစ်မလာတော့ဘူး။ လောကီအောင်မြင်ရေးမှာလည်း မကြီးပွားတော့ဘူး။
🌹🌹🌹
တကယ်တော့ ကိုယ့်စိတ်ဓာတ်ရင့်ကျက်မှု၊ မြင့်မြတ်မှု၊ ကိုယ့်ကိုယ်ရည်ကိုယ်သွေးမြင့်မားမှု၊ ကိုယ့်အရည်အချင်းတွေအဆင့်မြင့်မားမှုကသာ ကိုယ့်အတွက် တကယ်ရေရှည် အားကိုးစရာ၊ကျေနပ်စရာ ဖြစ်တယ်။
🌹🌹🌹
မြင့်မြတ်တဲ့ဘက်ကိုသွားနေမှ တကယ်စစ်မှန်တဲ့ပျော်ရွှင်မှုဟာ ဖြစ်နိုင်တယ်။ ကိုယ့်ရဲ့အကောင်းဆုံးဂုဏ်၊ အကောင်းဆုံးအရည်အချင်းတွေ အမြင့်ဆုံးရောက်အောင်အကောင်အထည်ဖော်နေမှ တကယ်စစ်မှန်တဲ့ပျော်ရွှင်မှုဟာ ဖြစ်နိုင်တယ်။ တစ်နေ့တခြား ပိုပြီးမြင့်မြတ်တာကိုသိမှပဲ တကယ်စစ်မှန်တဲ့ပျော်ရွှင်မှုဟာ ဖြစ်ပေါ်လာတယ်၊၊
🌹🌹🌹
အပျော်အပါးတွေခံစားပြီးပျော်ရတာ ပျော်တော့ပျော်ရပေမဲ့ မြင့်မြတ်မှုသဘောမပါဘူး။ အပျော်အပါး ခံစားရတာမဟုတ်ဘဲနဲ့ ကိုယ့်ခန္ဓာမှာဖြစ်နေတဲ့ထွက်လေဝင်လေကို သတိလေးနဲ့ကပ်ပြီးသိနေရတဲ့ အချိန်မှာ ဘာမှမတွေးဘဲနဲ့နေရတဲ့အတွက် ကြည်လင်အေးချမ်းပြီးတော့ မြင့်မြတ်နေတယ်ဆိုတာ တွေ့ရတယ်။
🌹🌹🌹
အေးချမ်းမှု၊တည်ငြိမ်မှုကိုနှစ်သက်တဲ့စိတ်ရှိတာ၊ မြင့်မြတ်တဲ့စိတ်ထားနဲ့လေးနက်တဲ့အသိဥာဏ်ကိုနှစ်သက်တဲ့စိတ်ရှိတာဟာ လူ့သဘာဝပဲ။ ကိုယ့်သဘာဝထဲမှာရှိနေတဲ့ အကောင်းဆုံးအရာတွေကို အတတ်နိုင်ဆုံးထွက်ပေါ်လာအောင် ကိုယ့်ဟာကိုယ်ကျင့်ကြံအားထုတ်ရတာ စိတ်ကျေနပ်မှုအရဆုံးပါပဲ၊၊
🌹🌹🌹
မြင့်မြတ်တဲ့ဘက်ကိုဦးတည်ပြီးသွားနေရတာဟာ ပျော်စရာအကောင်းဆုံး၊ ကျေနပ်စရာအကောင်းဆုံးပါ။ ဒီပျော်နည်း၊ဒီကျေနပ်မှုကို သေသေချာချာခံစားလို့ရသွားရင် တခြားပျော်နည်း၊ကျေနပ်နည်းတွေဟာ တော်တော်အပေါ်ယံဆန်တယ်ပါလားဆိုတာ သိရတယ်။
🌹🌹🌹
ဒီလိုအကြောင်းအရာတွေကို ငယ်ငယ်ကတည်းကသဘောပေါက်နိုင်ရင် ကိုယ့်ဘဝဟာ ပိုပြီးတော့ လေးနက်မယ်၊ တန်ဖိုးရှိမယ်၊ ဦးတည်ချက်မှန်မယ်။ အင်မတန်အဖိုးတန်တဲ့ဘဝ၊ အင်မတန်အဖိုးတန်တဲ့အချိန်တွေ၊ အင်မတန်အဖိုးတန်တဲ့ကိုယ့်ရဲစိတ်ဓာတ်အင်အားတွေ၊ ခန္ဓာကိုယ်အင်အားတွေဟာ ဘာမှအရေးမကြီးတဲ့ကိစ္စတွေဘက်ကိုရောက်ပြီးတော့ အကျိုးမရှိဘဲကုန်သွားတာမျိုး မဖြစ်တော့ဘူး။
🌹🌹🌹
မရိုးသားတာတစ်ခုလုပ်မိပြီးတော့ ငါ မရိုးသားပါလားလို့သိတဲ့အခါမှာ ကိုယ့်ကိုယ်ကိုကိုယ်လေးစားမှု တော်တော်လျော့တယ်။ ကိုယ့်ကိုယ်ကိုတကယ်ကြည်ညိုလို့ မရဘူး။ ကိုယ့်ကိုယ်ကိုတကယ်တန်ဖိုးထားလို့ မရဘူး။ သူများကလည်းကိုယ့်ကို တကယ်လေးစားတယ်၊ တန်ဖိုးထားတယ်လို့လည်း ယုံကြည်ဖို့ရာခက်နေတယ်။ ဆက်ဆံရေးတွေမှာကအစ သိပ်မပီပြင်ဘူး၊မရေရာဘူး။
🌹🌹🌹
အဲဒီလိုမရိုးသားတာတွေကို မရိုးသားမှန်းသိရက်နဲ့လုပ်နေတဲ့အခါမှာ ဆုံးရှုံးသွားတဲ့ လူသားရဲ့မြင့်မြတ်မှုဆိုတာဟာ တန်ဖိုးဖြတ်လို့မရတဲ့အရာဖြစ်တယ်။ မြင့်မြတ်မှုကိုရောင်းစားနေတာနဲ့ တူနေတယ်။
🌹🌹🌹
ကိုယ့်အတွက် အကျိုးအမြတ်ရဖို့တစ်ခုကိုပဲဦးစားပေးပြီးတော့ လူအများထိခိုက်တာကိုလုပ်နေရင် ငွေတော့ရမယ်၊ မြင့်မြတ်တဲ့စိတ်ကိုတော့ အဆုံးရှုံးခံလိုက်ရမယ်။ အဲဒီလူဟာ စိတ်အေးချမ်းမှုကို ရနိုင်မှာမဟုတ်ဘူး။
🌹🌹🌹
အခက်အခဲကြုံလာလို့ မရိုးသားတဲ့နည်းနဲ့ ပြဿနာကိုဖြေရှင်းလိုက်တဲ့လူဟာ မရိုးသားတဲ့လူ ဖြစ်သွားပြီနော်။ အဲဒီကတည်းက သူက ပျက်စီးသွားပြီ၊ သူ့ရဲ့စိတ်ဓာတ်က ပျက်စီးသွားပြီ။
🌹🌹🌹
လူတစ်ယောက်မှာ တန်ဖိုးမဖြတ်နိုင်တဲ့စိတ်ဓာတ် ပျက်စီးသွားတယ်ဆိုရင် သူ့အတွက် တကယ်တော့ ဘာမှမကျန်တော့ဘူး။ သူ့စိတ်ဓာတ်နဲ့သူ့အသိဥာဏ်က ကြာလေလေနိမ့်ကျသွားလေလေပဲ ဖြစ်မှာ။ ကြာရင် ဒီလူဟာ မြင့်မြတ်တဲ့လူ ဘယ်နည်းနဲ့မှမဖြစ်နိုင်တော့ဘူး။ အရည်အချင်းရှိတဲ့လူ ဘယ်နည်းနဲ့မှမဖြစ်နိုင်တော့ဘူး။ ယုတ်နိမ့်တဲ့လူပဲဖြစ်သွားတော့မှာပဲ။
🌹🌹🌹
ကိုယ့်စိတ်ကိုကိုယ်ကြည့်တတ်တဲ့သူဆိုရင် ကိုယ့်စိတ်ကိုကိုယ်ကြည့်လိုက်တိုင်း ဘယ်လိုဆင်ခြေတွေပေးပေး၊ အကြောင်းပြချက်တွေက ဘယ်လောက်ပဲကောင်းတယ်ပြောပြော မလုပ်သင့်တာတစ်ခုကိုလုပ်မိတဲ့အခါမှာ စိတ်မှာ ဒဏ်ရာတစ်ခုခုတော့ရသွားတာပဲဆိုတာ သေသေချာချာသိတယ်။🌿
🌹🌹🌹
သူများကိုဒုက္ခရောက်အောင်လုပ်ပြီး သူများကိုယ့်ကိုကြောက်ပြီး ပူဇော်မှ၊ ပသမှ၊ ကျွေးမှ ကိုယ့်ဘဝရပ်တည်နိုင်တဲ့သူဟာ အဆင့်နိမ့်တယ်။ သူများကိုထိခိုက်နစ်နာအောင်လုပ်မှ ကိုယ့်မှာအကျိုးရှိမယ်ဆိုပြီးတော့ လုပ်နေကြတဲ့လူတွေဟာ တော်တော်အဆင့်နိမ့်တယ်။ သူများရှုံးမှ ကိုယ်ကနိုင်ရမယ့် ဘဝဟာ တော်တော်အဆင့်နိမ့်တယ်။ သူများနစ်နာမှ ကိုယ်အကျိုးရှိမယ့်ဘဝမျိုးဟာ တော်တော်အဆင့်နိမ့်ပါတယ်။ သူများဒုက္ခရောက်မှ ကိုယ့်ဘဝအဆင်ပြေမယ့်သူတွေဟာလည်း တော်တော်အဆင့်နိမ့်တာပါပဲ။ သူများအဆင်မပြေမှ ကိုယ်အဆင်ပြေမယ့်ဘဝမျိုး။
🌹🌹🌹
သူများကိုဒုက္ခရောက်အောင်လုပ်ဖို့မလိုပဲ ကိုယ့်ဘဝမှာကောင်းတဲ့နည်းနဲ့ ပြည့်စုံလုံလောက်နေတဲ့သူ၊ ဘဝအဆင့်အတန်း၊ စိတ်နေသဘောထားအဆင့်အတန်း မြင့်တဲ့သူဟာ သူတစ်ပါးကိုအကူအညီပေးတယ်၊ ဒုက္ခမပေးဘူး။ သူတို့ဘဝဟာအဆင့်မြင့်တယ်။
🌹🌹🌹
တစ်ကိုယ်ကောင်းဆန်တဲ့သူတွေများလေ လူ့လောကမှာ အခက်အခဲတွေ၊မမျှတမှုတွေများလေ ဖြစ်မယ်။ ဒါကြောင့် မျှတတဲ့သဘောထားရှိတဲ့သူတွေများလာအောင် ကိုယ့်ကိုယ်ကနေစပြီးတော့ ကိုယ့်စိတ်ထားကိုမြှင့်တင်ပေးရမယ်။ ကိုယ့်စိတ်ထဲမှာမတရားလောဘဖြစ်နေတာကို မြင်ပြီးတော့လျှော့နိုင်ရင် ကိုယ့်စိတ်ထားမြင့်လာတယ်။ ကိုယ့်စိတ်ထားမြင့်လာတာဟာ လောကကြီးမြင့်လာတာလို့ ဆိုနိုင်တယ်။ လောကကြီးကိုပိုကောင်းလာစေချင်ရင် ကိုယ့်ကိုယ်ကို ပိုပြီးစိတ်ထားမြင့်တဲ့သူဖြစ်အောင် ကြိုးစားရမယ်။ ဒီနေရာကနေစမှ ရတယ်။
🌹🌹🌹
ကိုယ်ကြုံတွေ့ရတဲ့လောကဓံတရားတွေဟာ ကိုယ့်ကိုဘယ်လိုပုံဖော်မယ်ဆိုတာ ကိုယ့်သဘောထား (attitude) အပေါ်မှာ အများကြီးမူတည်တယ်။
🌹🌹🌹
လူတွေမှာ basic need(အခြေခံလိုအပ်ချက်)နဲ့ higher need(အဆင့်မြင့်လိုအပ်ချက်)ဆိုပြီးတော့ အကြမ်းအားဖြင့် လိုအပ်ချက်နှစ်မျိုးရှိတယ်။ basic need ဆိုတာ ရိုးရိုးပြောရရင် စားဝတ်နေရေးပါပဲ။ လူမှာ စားဝတ်နေရေးပြည့်စုံဖို့လည်း လိုတယ်၊ အချစ်ခံရဖို့လည်း လိုတယ်၊ ကိုယ်ကပြန်ချစ်ဖို့လည်း လိုတယ်။ အဲဒါမှ သူ့စိတ်ထဲမှာ လုံခြုံမှုဖြစ်တယ်။
🌹🌹🌹
basic need ပြည့်စုံပြီဆိုရင် higher need(အဆင့်မြင့်လိုအပ်ချက်)ကို တောင်းလာတယ်။ အသိဥာဏ်မြင့်မားမှုအပိုင်းနဲ့ စိတ်ဓာတ်နဲ့အသိဥာဏ်မြင့်မြတ်မှုဘက်ကို မသွားလို့ရှိရင် လောကီဘက်ကဘယ်လောက်ပဲပြည့်စုံပြည့်စုံ အဲဒီလူဟာ သူ့ဘဝမှာတစ်ခုခုဟာနေတယ်လို့ ခံစားရမယ်။ တစ်ခုခုစိုးရိမ်နေသလို၊ ကြောက်နေသလို ခံစားရမယ်။
🌹🌹🌹
higher need လို့ခေါ်တဲ့ကိုယ်ကျင့်တရားနဲ့ ဘာသာတရားနဲ့ပတ်သက်တဲ့ မြင့်မြတ်တဲ့လေးနက်တဲ့အသိဥာဏ်ပိုင်း၊ စိတ်ရဲ့တည်ငြိမ်မှု၊အေးချမ်းမှုပိုင်းကို လေ့လာပွားများတာများလာတဲ့အခါမှာ ကိုယ့်ကိုယ်ကိုကိုယ်လေးစားမှု၊ ယုံကြည်မှု၊ အားကိုးမှု၊ တန်ဖိုးထားမှုဆိုတာတွေ တဖြည်းဖြည်းမြင့်လာတယ်။ အဲဒီအခါမှာ ကိုယ့်ဘဝကိုကိုယ် ပိုပြီးကျေနပ်မှုရလာတယ်။
🌹🌹🌹
လူတိုင်းမှာ ကိုယ့်ရဲ့စိတ်နေသဘောထားနဲ့အသိဥာဏ် မြင့်မားနိုင်တဲ့အလားအလာ ရှိတယ်။ Mindfulness is human nature. သတိနဲ့နေတာဟာ လူ့သဘာဝဖြစ်တယ်။ Human nature လူ့သဘာဝတင်မကဘူး၊ Human need လူ့လိုအပ်ချက်လို့လည်း ပြောလို့ရတယ်။ ဒါကြောင့် ပညာတတ်လာပြီ၊ အလုပ်အကိုင်ရှိလာပြီ၊ စားဝတ်နေရေးပြည့်စုံလာပြီဆိုရင် ကိုယ့်စိတ်ရဲ့(Spiritual Need) စိတ်ရဲ့မြင့်မြတ်မှုလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ လိုအပ်လာပြီ။ အဲသလိုမှမလုပ်လို့ရှိရင် ဘဝဟာအဓိပ္ပါယ်မရှိဘူးလို့ ခံစားရတော့မယ်။ မလေးနက်ဘူး၊အနှစ်သာရမရှိဘူးလို့ ခံစားရတော့မယ်။
🌹🌹🌹
လူတော်တော်များများစိတ်ဓာတ်ကျတာ ဘာကြောင့်လဲဆိုတော့ "ငါ့ဘဝ အဓိပ္ပါယ်မရှိဘူး" လို့ ခံစားရလို့ ။ အဲသလိုခံစားနေရတာဟာ သူ့ရဲ့Spiritual Need ဆိုတဲ့ စိတ်မြင့်မြတ်မှုလိုအပ်ချက်ကို မရလို့ဘဲ။ အဲသလိုလူဟာ တရားအားထုတ်လိုက်လို့ စိတ်အေးချမ်းမှုရလာမယ်၊ စိတ်ကြည်လင်သန့်ရှင်းပြီးတော့ မြင့်မြတ်လာမယ်ဆိုရင် သူ့ဘဝကိုသူ ပိုပြီးကျေနပ်မယ်။
🌹🌹🌹
ခန္ဓာကိုယ်လိုအပ်ချက်(biological needs)လောက်ကိုပဲ ဦးစားပေးပြီးနေသွားမယ်ဆိုရင် ကိုယ့်ဘဝဟာသိပ်ကျဉ်းမြောင်းနေမယ်၊၊ တစ်ဖက်က အသိဥာဏ်နဲ့ပတ်သက်တဲ့လိုအပ်ချက်တွေ (intellectual needs)လည်း ရှိမယ်။ ခံစားမှုနဲ့ပတ်သက်တဲ့လိုအပ်ချက်တွေ(emotional needs)တွေလည်း ရှိမယ်။ မြင့်မြတ်မှုကိုလိုအပ်တာ (Spiritual Need)လည်းရှိတယ်။ ဥပမာ- မေတ္တာ၊ ကရုဏာ၊ ကိုယ်ချင်းစာတရား၊ အမှန်တရားကိုသိမြင်မှု၊ လွတ်လပ်မှု၊ ဆိုပါတော့။ မြင့်မြတ်တဲ့စိတ်ဓာတ်နဲ့ အသိဥာဏ်ပိုင်းဆိုင်ရာကို ရဖို့။ ဒါလည်း လိုအပ်ချက်တစ်ခုဖြစ်တယ်နော်။ မြင့်မြတ်တဲ့အသိဥာဏ်နဲ့စိတ်ဓာတ်ပိုင်း ချို့တဲ့နေမယ်ဆိုရင် လူ့ဘဝဟာ အေးချမ်းတဲ့ဘဝမဖြစ်နိုင်တော့ဘူး။ မအေးချမ်းတဲ့ဘဝဖြစ်လာလိမ့်မယ်။ ဒုက္ခတွေအင်မတန်များတဲ့ဘဝ ဖြစ်လာလိမ့်မယ်။
🌹🌹🌹
ကိုယ့်ကိုယ်ကိုအားရတာ၊ကျေနပ်တာ၊ ကိုယ့်ဘဝကိုကိုယ်အားရတာ၊ကျေနပ်တာ ဆိုတာမျိုးဟာ သူများပေးလို့မရဘူး။ ကိုယ့်ဟာကိုယ်ဖြစ်အောင် လုပ်ယူရတယ်။ ကိုယ့်ကိုယ်ကိုကိုယ် ရိုးရိုးသားသားကျေကျေနပ်နပ်လက်ခံနိုင်မှ ရတယ်။ ကိုယ့်ကိုယ်ကိုအားရမှ၊ကျေနပ်မှ ပြည့်စုံနေတယ်၊ကျေနပ်နေတယ်လို့ ပြောလို့ရတယ်။ ပစ္စည်းဥစ္စာတွေ၊ရာထူးတွေအဆင့်မြင့်ရုံနဲ့ ကိုယ့်ကိုယ်ကိုအားရတာ၊ကျေနပ်တာကို မခံစားနိုင်ဘူး။ မြင့်မြတ်တဲ့စိတ်ထားနဲ့တန်ဖိုးရှိတဲ့အလုပ်ကို စိတ်ရောကိုယ်ပါ အားသွန်ပြီးလုပ်နေမှ ကိုယ့်ကိုယ်ကိုအားရတာ၊ကျေနပ်တာကို ခံစားနိုင်မယ်။ ကိုယ့်ဘဝကိုတကယ်ကျေနပ်ချင်ရင် စိတ်ထားကောင်းတဲ့သူ၊ စောင့်စည်းမှုရှိတဲ့သူ၊ အကျိုးရှိတာတွေလုပ်နေတဲ့သူဖြစ်ဖို့ လိုတယ်။
🌹🌹🌹
အဓိပ္ပါယ်ရှိတဲ့ဘဝအမြင်ကိုရထားတဲ့သူဟာ ဘယ်လောက်ဒုက္ခတွေနဲ့ကြုံရကြုံရ ခံနိုင်တယ်။ ဒုက္ခနဲ့တွေ့ရလို့ စိတ်ဓာတ်မကျဘူး။ လောကဓံကို အရှုံးမပေးဘူး။ ကိုယ့်ရဲ့ မြင့်မြတ်တဲ့စိတ်ထားကို အပျက်မခံဘူး။ ဘဝကို ရောင်းမစားဘူး။ ကိုယ့်ကိုယ်ကိုကိုယ် တန်ဖိုးမချဘူး။ အားလုံးကိုခံနိုင်ရည်ရှိအောင် မြင့်မြတ်တဲ့စိတ်က ခံနိုင်ရည်ကိုပေးတယ်။
🌹🌹🌹
ကိုယ့်ကိုယ်ကို ပိုပြီး စိတ်နေသဘောထားနဲ့အသိဥာဏ်မြင့်တဲ့သူဖြစ်အောင် လုပ်နိုင်တဲ့သူဟာ ပိုပြီး power ကြီးတဲ့သူပဲ။ ဒီ power မျိုးကို spiritual power လို့ ခေါ်တယ်။ ဒီလိုလူဟာ အားငယ်စိတ် မရှိဘူး။ သိမ်ငယ်စိတ် မရှိဘူး။ ဒီအလုပ်ဟာ သူများလုပ်ပေးလို့ မရဘူး။ ကိုယ့်ဟာကိုယ်လုပ်မှ ရတယ်။ ကိုယ့်ဟာကိုယ်လုပ်မှရလို့ ကိုယ့်အားကိုယ်ကိုးတဲ့စိတ်ဓာတ်ရှိတဲ့သူမှ လုပ်နိုင်တယ်။ ဒီလိုလုပ်တဲ့သူဟာ ကြာလေ ကိုယ့်အားကိုယ်ကိုးလေဖြစ်လာတယ်။ လောကမှာ အားကိုးစရာအကောင်းဆုံးလူဟာ ကိုယ်ပဲဆိုတာကို နားလည်လာတယ်။ ဒီလို spiritual power (မြင့်မြတ်သောစိတ်ဓာတ်စွမ်းရည်) ကိုရမှ တကယ် power ရှိတဲ့သူ ဖြစ်ပါတယ်။
🌹🌹🌹
အတ္တစွဲကြီးကြီးနဲ့၊ သေးသိမ်တဲ့စိတ်နဲ့၊ သဘောထားသေးတဲ့စိတ်နဲ့ ဘဝကိုနေသွားနေတာ လေးလံတယ်။ အတ္တစွဲကိုလျှော့ပြီး မာနကိုလည်းလျှော့ပြီး၊ သဘောထားကြီးတဲ့စိတ်နဲ့ မြင့်မြတ်တဲ့ values တစ်ခုကိုတန်ဖိုးထားပြီးတော့ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် ဒီ values ကိုအပျောက်မခံပဲနဲ့ ကိုယ့်ဘဝကိုကိုယ်နေသွားမယ်ဆိုရင် ပိုပြီးတော့ပေါ့ပါးမယ်။ အတ္တစွဲနဲ့နေရတာ မလွတ်လပ်ဘူး။ မြင့်မြတ်မှုကိုတန်ဖိုးထားပြီးနေရတာ လွတ်လပ်တယ်။
🌹🌹🌹
စိတ်ဓာတ်ရောအသိဥာဏ်ရောပြည့်ဝတဲ့ရင့်ကျက်တဲ့ လူတစ်ယောက်ရဲ့လက္ခဏာဆိုတာ ဘယ်လိုဟာလဲဆိုတော့ အဲဒီလူရဲ့ဘဝ အဲဒီလူရဲ့နေပုံထိုင်ပုံဟာ သူကိုယ်တိုင်ရွေးချယ်ထားတဲ့ အဆင့်မြင့်တဲ့ရည်မှန်းချက်ဆိုတဲ့ ဗဟိုအချက်အချာနားမှာ စုစည်းနေတယ်။ သူနေပုံထိုင်ပုံလုပ်ပုံကိုင်ပုံဟာ သူ့ရည်မှန်းချက်ကနေ သွေဖည်မသွားဘူး။ ရင့်ကျက်တဲ့ပြည့်ဝတဲ့သူဆိုတာ တကယ်ရေရှည် ကိုယ့်အတွက်ရော၊အများအတွက်ပါ ထိထိရောက်ရောက်အကျိုးရှိတဲ့ကိစ္စကိုပဲ လုပ်ချင်တယ်။ သူလိုချင်တာက ကလေးဆန်ဆန်လိုချင်တာမဟုတ်ဘူး။ လူကြီးဆန်ဆန်ဥာဏ်နဲ့စဉ်းစားပြီးတော့ အကောင်းဆုံးကိုလိုချင်တာပဲ ဖြစ်တယ်။ သူချစ်တယ်ဆိုတာက ဝတ္တရားအရချစ်တာ မဟုတ်ဘူး၊ သူ့ပင်ကိုယ်ဆန္ဒအရ ချစ်တာပဲ။ သူ့စိတ်ထားဟာ လေးနက်တဲ့မြင့်မြတ်တဲ့အတွက် သူလုပ်သမျှဟာ အဲဒီလေးနက်တဲ့မြင့်မြတ်တဲ့စိတ်ထားမှာ အခြေခံတယ်။ အလုပ်လုပ်တဲ့အခါမှာလည်းပဲ စက်ရုပ်ကြီးတစ်ခုလို ဘာမှစဉ်းစားနေတာမပါပဲနဲ့၊ စိတ်မပါပဲနဲ့လုပ်နေရတာမျိုး မဟုတ်ဘူး။ သူလုပ်နေတဲ့အလုပ်ရဲ့တန်ဖိုးကို သတိနဲ့ဥာဏ်နဲ့ကိုကြည့်ပြီးတော့ ယုံကြည်တယ်။ သူ့အလုပ်ဟာ ဘယ်လောက်တန်ဖိုးရှိသလဲဆိုတာ သူသိနေတယ်။ ဒါ့ကြောင့် သူ စိတ်ပါလက်ပါလုပ်တယ်။
🌹🌹🌹
တရားကိုအမြဲတမ်းအားထုတ်နေတဲ့သူဟာ လောဘ၊ ဒေါသ တဖြည်ဖြည်းနဲလာတယ်။ ပိုပြီးတော့စိတ်က သိမ်မွေ့နှုးညံ့လာတယ်၊ အေးချမ်းလာတယ်။ အဲဒီလို နူးညံ့အေးချမ်းတဲ့စိတ်ဖြစ်တဲ့အခါမှာ လူတစ်ယောက်ကိုမြင်လိုက်ရင် အလိုလိုနေရင်း မေတ္တာစိတ်ရှိတယ်။ ချစ်ခင်တဲ့စိတ်၊ လေးစားတဲ့စိတ်၊ ဒုက္ခနဲစေချင်တဲ့စိတ်၊ စိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်စေချင်တဲ့စိတ် ဖြစ်လာတယ်။ ပြောတဲ့ဆိုတဲ့အခါမှာလည်း တစ်ဖက်သားကိုစိတ်ဆင်းရဲသွားစေမယ့် စကားမျိုးကိုမပြောဖြစ်ဘူး။ သတိမရှိတဲ့သူဟာ အမှတ်တမဲ့ သူများစိတ်ဆင်းရဲမယ့်စကားမျိုးကို ပြောတတ်တယ်။ သတိရှိလာတဲ့သူကျတော့ စိတ်ချမ်းသာမယ့်စကားကို ပြောတယ်။ အကျိုးရှိမယ့်စကားကိုပဲ ပြောတယ်။ သတိနဲ့နေတဲ့သူက ဒေါသအဖြစ်နဲတယ်။ မေတ္တာက အလိုလိုစိတ်ထဲမှာရှိနေတယ်။ သူတစ်ပါးကို အထင်သေးအမြင်သေးမဖြစ်ဘူး။ သူတစ်ပါးရဲ့အပြစ်ကို အလိုလိုနေရင်း ခွင့်လွှတ်ပြီးသားဖြစ်နေတယ်။ ဒီလိုလူရဲ့စိတ်က မြင့်မြတ်နေတယ်။
🌹🌹🌹
မြင့်မြတ်တဲ့သဘာဝက ကိုယ့်ဘဝကိုလမ်းတည့်ပေးတာကို လက်ခံပါ။ မြင့်မြတ်တဲ့စိတ်တွေနဲ့ အချိန်များများနေတတ်အောင် အလေ့အကျင့်လုပ်ပါ။ မြင့်မြတ်တဲ့သဘာဝရဲ့စွမ်းအားက ကိုယ့်ဘဝရဲ့လမ်းပြဖြစ်လာရင် ကိုယ့်ဘဝမှာဖြစ်နိုင်သမျှအကောင်းဆုံးအရာတွေဟာ ဖြစ်လာမယ်။ ကိုယ့်ရဲ့ မြင့်မြတ်တဲ့သဘာဝကို မြတ်မြတ်နိုးနိုးတန်ဖိုးထားရင်၊ ကိုယ်သိချင်နေတဲ့အဖြေတွေကို ရမယ်။ ကိုယ်လိုအပ်နေတဲ့လမ်းညွှန်မှုတွေကို ရမယ်။ ကိုယ်လိုချင်နေတဲ့အကူအညီကို ရမယ်၊၊☄☄
🍀ဆရာတော်ဦးဇောတိက🍀
🍂(မဟာမြိုင်တောရ)🍂
💧 တွေးမိတိုင်းပျော်တယ်💧
စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊
📖 (စာမျက်နှာ- ၂၂၄) 📖

Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

အသိဥာဏ်ဖြင့် ဘ၀ကို တည်ဆောက်ပါ။

အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

 

Copyright @ 2013 အရှင်တေဇိန္ဒ ဒိုက်ဦး.