*အိမ်ကို ကချော်ကချွတ် မိုးထားလျှင် မိုးရေဖောက်ဝင်နိုင်သလို စိတ်ကို သမထ၀ိပဿနာဖြင့် မပွားလျှင် ရာဂတွေ ဖောက်ဝင်နိုင်တယ်။
*အိမ်မီးလောင်တော့ ပစ္စည်းတွေ ဆွဲထုတ်ပြီး မီးကိုလည်း ငြိမ်းရတယ်။ ခန္ဓာကိုယ် မီး(၁၁)ပါးလောင်တော့ ဒါနပြုပြီးဆွဲထုတ် တရားရှုပြီး ငြိမ်းရတယ်။
*ယောက်မက အရသာမသိသလို လူမိုက်က ပညာရှိနဲ့ ပေါင်းပေမယ့် တရားမသိဘူ။ လျှာက အရသာသိသလို လိမ္မာသူက ပညာရှိနဲ့ ခဏပေါင်းရုံနဲ့ တရားသိတယ်။
*သာသနိက အဆောက်အအုံကြီးတွေကြည့်ပြီး သာသနာတိုးတတ်တယ် မပြောနဲ့။ သီလ သမာဓိ ပညာ အကျင့်တိုးတက်မှ သာသနာတိုးတက်တာ။
*အလှူဒါနပြုတဲ့ နေရာမှာ ထင်ပေါ်ဖို့က ပဓာန မဟုတ်ဘူး။ကုသိုလ်ရဖို့က ပဓာန။
*နွားကောင်းမကောင်းသိချင်ရင် မောင်းကြည့် ရွာကောင်းမကောင်း သိချင်ရင် ကျောင်းကြည့်။လူကောင်းမကောင်း သိချင်ရင် ပေါင်းကြည့်။
*အလှူခံပုဂ္ဂိုလ်ရဲ့ ဆက်ဆံရေးကို မကြည့်နဲ့။သီလ သမာဓိ ပညာကို ကြည့်ပါ။
*ဘယ်ဌာနပဲ ဖြစ်ဖြစ် လူကိုမကြည့်နဲ့ မူကိုကြည့်ပါ။
*ကိုယ်ရှုမှတ်ထားတဲ့ တရားကို လျှောက်တဲ့အခါ စာသိ နာသိ မလျောက်နဲ့။ရှုသိကို စာသံပေသံမပါဘဲ မြန်မာလို ရှင်းရှင်းလေးလျှောက်ရတယ်။
*တရားရှုမှတ်တဲ့အခါ ထိုင်နိုင်ဖို့ထက် မှတ်နိုင်ဖို့က ပိုအရေးကြီးတယ်။
*တရားပျောက်တော့ ကိုယ်မှာရှာ။တရားရှာတော့ ကိုယ်မှာတွေ့။
*စီးပွားရှာတဲ့အခါ အတိတ် အနာဂါတ် ပစ္စုပ္ပန် သုံးမျိုးလုံးကြည့်။တရားရှာတဲ့အခါ ပစ္စုပ္ပန်တည့်တည့်ကိုသာကြည့်။
*ငယ်ရွယ်တုန်း ကျန်းမာတုန်း ဆွမ်းရလွယ်တုန်း တိုင်းပြည် အေးချမ်းတုန်း သံဃာညီညွတ်တုန်း တရားအားထုတ်ရတာ အကောင်းဆုံးပါပဲ။
*ကံလေးကောင်းနေတုန်း မြောက်ကြွားကြွား မလုပ်နဲ့။နောက်ပိုင်း ဘယ်လို ဇာတ်သိမ်းမယ်ဆိုတာမသိဘူး။
*ဆွေမျိုးပျက် စီးပွားပျက် ရောဂါနှိပ်စက်ခြင်းကြောင့် ငရဲမကျနိုင်ဘူး။သီလပျက်ရင်တော့ ငရဲကျမယ်။
*ကံက အကျိုးပေးချင်ပါလျက် ၀ီရိယနှင့် မကြိုးစားလျှင် မဟာဓနသူဋ္ဌေးသားလို လောကီ လောကုတ္တရာ နှစ်ဖြာရှုံးမယ်။
*ကျောက်မှဖြစ်လာတဲ့ စိန်ဟာ ကျောက်ကို ဖောက်ခွဲဖျက်ဆီးသလို ကိုယ်ပြုတဲ့ အကုသိုလ်က ကိုယ်ကို ဖျက်ဆီးတယ်။
*ကိုယ်က မှန်ပေမယ့် ၀ဋ်ကြွေးရှိရင် ခံရတာပဲ။
*အထက်လူကို မဖားနဲ့။ အောက်လူကို မနှိမ်နဲ့။တန်းတူလူကို အပြစ်မဖို့နဲ့။စိတ်ကောင်းထားပြီး မျှတစွာ ဆက်ဆံ။
*ဒေ၀ဒတ်လူကြမ်းကြီးကြောင့် ဘုရားလောင်းမှာ ပါရမီတွေ ပြည့်လာတယ်။သင်ခန္တီပါရမီ ပြည့်ဖို့ လူကြမ်းတစ်ယောက်လာလျှင် ၀မ်းမနည်းနဲ့။
*ညဉ့်နက်သန်းခေါင် တောအုပ်ကြီးထဲမှာ လျှပ်စီးတစ်ချက် လင်းလတ်လိုက်သလို အ၀ိဇ္ဇာအမှောင်ထဲမှာ သာသနာရောင်လတ်တယ်ဆိုတာ ခဏလေးပါပဲ။
*ပစ္စည်းရှိတော့ တဒင်္ဂတစ်ခဏလေး ချမ်းသာတယ်။တရားရှိတော့ ထာဝရချမ်းသာတယ်။
*လောကီလူဘောင်နေသူ ဖြစ်လျက် ပျင်းနေလျှင် ရဟန်းဖြစ်လျက် ကိုယ်နှုတ် နှလုံးကို မစောင့်သုံးလျှင် အစိုးရမင်းဖြစ်လျက် မဆင်မခြင် ပြုလုပ်လျှင် ပညာရှိဖြစ်လျက် စိတ်တိုလျှင် မကောင်းဘူး။
*များများပဲပြောပြော နည်းနည်းပဲပြောပြော ဆိတ်ဆိတ်ပဲနေနေ အကဲ့ရဲ့လွတ်တဲ့လူ မရှိဘူး။
*လူဘ၀ဇရပ်ပေါ်မှာ ခဏနားပြီး ကိုယ့်အထုပ်ကိုထမ်း ကိုယ့်လမ်း ကိုယ်သွားရမှာ။
*အလုပ်တစ်ခု စေခိုင်းကြည့်မှ အလုပ်သမားရဲ့ သဘောမှန်ကို သိရတယ်။ဘေးအန္တရာယ်ကြုံမှ ဆွေမျိုးရဲ့ သဘောမှန်ကို သိရတယ်။ပစ္စည်းနည်းပါး မွဲသွားမှ မိတ်ဆွေတို့ရဲ့ သဘောမှန်ကို သိရတယ်။စည်းစိမ်းဥစ္စာ ပျက်စီးကုန်ဆုံးသွားမှ ဇနီးမယားရဲ့ သဘောမှန်ကို သိရတယ်။
*သင့်ခန္ဓာကိုယ်ဟာ အသက်ဝိဉာဉ်မရှိတော့လျှင် အသုံးမကျတဲ့ ထင်းတုံးသဖွယ် စွန့်ပစ်ရတော့မယ်။ မစွန့်ပစ်ခင် အကျိုးရှိအောင် အသုံးချပါ။
*အသက်နှင့်တူသော မိတ်ဆွေ မရှိ အနာရောဂါနှင့် တူသော ရန်သူမရှိ မိမိနှင့်တူသော ချစ်သူမရှိ ကံနှင့်တူသော အားအစွမ်းမရှိ။
(မဟာစည်နာယက ပဲနွယ်ကုန်းဆရာတော်၏သြ၀ါဒများ)
0 comments:
Post a Comment
အသိဥာဏ်ဖြင့် ဘ၀ကို တည်ဆောက်ပါ။