အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

Friday, January 8, 2016

“စုန္ဒဝက်သတ်သမား၏ လက်ငင်းဝဋ်ကြွေးဆပ်ရမှု”

စုန္ဒမည်သော ဝက်သတ်သမားတစ်ယောက်သည်
နှစ်ပေါင်းငါးဆယ်နီးနီး ဝက်များကိုသတ်ဖြတ်၍
ရောင်းချစားသောက်ကာ အသက်မွေးခဲ့သည်။

သူသည် ရွာစဉ်လှည့်လည်၍ ဝက်ငယ်ကလေးများကို
စပါးနှင့်လဲပြီး ကြီးသည်အထိ အိမ်တွင်မွေးမြူထားသည်။
သတ်ဖြတ်လောက်သော အရွယ်သို့ရောက်လျှင်
ထိုသတ်လိုသောဝက်၏ လက်ခြေတို့ကို
ကြိုးဖြင့်ချည်နှောင်ကာ အသားတိုးပွားလာစေရန်
တစ်ကိုယ်လုံးကို လက်ဖြင့် ရိုက်ပုတ်သည်။

ထို့နောက် ဝက်၏အာခေါင်ထဲသို့ တုတ်ဖြင့်
ထောက်ထားပြီး အလွန်ပူသောရေနွေးများကို
ဝက်၏ခံတွင်းထဲသို့ လောင်းထည့်လေသည်။
အာခေါင်ထဲသို့ လောင်းထည့်လိုက်သော
ရေနွေးများသည် မစင်တို့ကို အရည်ပျော်ကာ
ထွက်လာစေသည်။

ဤသို့ဖြင့် အကြိမ်ကြိမ်လောင်းချဆေးကြော၍
ဝက်၏ ဝမ်းတွင်းမှ ထွက်ကြလာသော အရည်များ
ဖြူစင်လာသောအခါ ကျန်သောရေနွေးတို့ဖြင့်
ဝက်ကိုယ်ပေါ်သို့လောင်းချပြီး ဝက်၏အရေကို
ခြစ်ချလေသည်။

ထို့နောက် မီးဖြင့် အမွှေးတို့ကိုမြိုက်၍ ဦးခေါင်းကို
ဖြတ်လေသည်။ စုန္ဒသည် ဤသို့ဝက်သတ်ခဲ့ရာ
(၅၅)နှစ်ကြာညောင်းခဲ့သည်။

မကြာခင် စုန္ဒဝက်သတ်သမား၏ ကိုယ်ပေါ်၌
ကြီးစွာသော အနာရောဂါဖြစ်ပြီး ငရဲမီးနှင့်တူစွာ
ပူလောင်သော ဝေဒနာကို ခံစားရလေသည်။

ထိုငရဲမီးပူကဲ့သို့ အပူပြင်းထန်စွာ ပူလောင်မှုကြောင့်
အိမ်အတွင်းမှာပင် ဝက်အော်သကဲ့သို့ အော်မြည်၍
ဟိုဟိုဒီဒီ လှည့်လည်ပြေးနေရ၏။

အိမ်သူအိမ်သားများက အခြားသူများ မကြားစေရန်
စုန္ဒပါးစပ်ကို ပိတ်ထားကြ၏။
သို့သော် ကံ၏အကျိုးကို မည်သူမျှ တား၍ မရပါ။

စုန္ဒ၏ အော်ဟစ်သံကြောင့် အိမ်နီးချင်းတို့သည်
အိပ်ရေးပျက်ကြကုန်သည်။ စုန္ဒသည် အိမ်အတွင်း၌
အသတ်ခံရမည့် ဝက်တစ်ကောင် ထွက်ပေါက်
ရှာနေသည့်အလား ပြင်းစွာသော
ဝက်အော်သံဖြင့် အော်နေရသည်။

အိမ်သူအိမ်သားများက စုန္ဒ
ထွက်မပြေးရလေအောင် အိမ်တံခါးများကို
လုံခြုံစွာ ပိတ်ထားရသည်။

စုန္ဒသည် မိမိပြုခဲ့သော အကုသိုလ်ဝဋ်ကြွေးကို
အရှင်လတ်လတ်ဘဝဖြင့်ပင် ပူပြင်းလှစွာသော
ငရဲမီး၏ တောက်လောင်ခြင်းကို ခံစားနေရသည်။

ခုနစ်ရက်ပတ်လုံး ပြင်းထန်သောဝေဒနာကို
ခံစားရပြီးနောက် ရှစ်ရက်မြောက်နေ့၌
ပြင်းထန်သောဝေဒနာကို ခံစားပြီးနောက်
အဝီစိငရဲသို့ ကျရောက်လေသည်။

ဝဋ်ကြွေးတို့မည်သည် ပေးဆပ်ပြီးမှသာလျှင်
ကျေအေးရိုးထုံးစံရှိပြန်ရာ မကောင်းသောအမှုကို
ပြုမှားမိခဲ့ပါက ထိုအကုသိုလ်အကျိုးပေးခွင့်သည်
ပထမဇောစေတနာ ပြင်းထန်ပါက
ချက်ချင်း ပစ္စုပ္ပန်ဘဝတွင်ပင်
အကျိုးပေးလေသည်သာ ဖြစ်ပါသည်။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【မဟာသဒ္ဓမ္မဇောတိကဓဇ တက္ကသိုလ် သျှင်သီရိ
(ဓမ္မစရိယ၊ ဘီအေ)】
Posted by►
www.facebook.com/youngbuddhistassociation.mm

Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

အသိဥာဏ်ဖြင့် ဘ၀ကို တည်ဆောက်ပါ။

အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

 

Copyright @ 2013 အရှင်တေဇိန္ဒ ဒိုက်ဦး.