ဦးပိန်တံတားကနေ ပုဂံမြို့ဟောင်းအထိ
ဘယ်နေရာကြည့်ကြည့် မှင်ဖျက်ဆေးတွေနဲ့…
မင်းကွန်းခေါင်းလောင်းကြီးဟာ
အမှတ်တရလက်မှတ်တွေ စုဝေးရာ
အင်းဝ မယ်နုအုတ်ကျောင်း
မြသိန်းတန်စေတီ
အနုပညာလက်ရာပေါ်မှာ
အနူတွေက အနူလက်တွေနဲ့ရေးကြ ။
ကုသိုလ်တော်ဘုရား
သက်တမ်းရင့်ခရေပင်တွေနဲ့ နှစ်ချို့ကျောက်စာချပ်တွေ
သမိုင်းဝင် အနုပညာလက်ရာပေါ်မှာ
အနူတွေက အနူလက်တွေနဲ့ရေးကြ ။
' မင်းကို ငါလွမ်းတယ် '
' N.W.E ကို ချစ်တယ်'
' မောင်နဲ့ ဒီနေ့ရောက်ခဲ့တယ် '
'ချစ်သူသက်တမ်း ၆လပြည့်မှစ ၆နှစ်ပြည့်အထိ လာချင်တာ'
' ချစ်…မောင်တို့ မခွဲဘူး '… … …
ဘယ်အကောင်က စလိုက်တဲ့ မိုးခါးရေလည်း
လူငယ်တွေ လိုက်သောက်ကြ။
ရှေးဟောင်းအမွေနှစ်
အနုပညာလက်ရာ
ဘယ်မလဲ လူသားစံနှုန်း/တန်ဘိုး
ဘယ်မလဲ သမိုင်း
ဘယ်မလဲ…ဘယ်မှာလဲ ။
'ယိုးဒယားတွေ အယုဒ္ဓယမြို့ပျက်ကို မပြုပြင်တာ
ဗမာမုန်းတီးရေး အတွက် ' လား
ခပ် ညံ့ညံ့ အတွေးအခေါ်တွေ။
ကမ္ဘာလှည့်ခရီးသည်တွေကို ရှေးဟောင်းအနုပညာနဲ့ ဆွဲဆောင်တာ
ဝင်လာမဆဲ တသဲသဲပေါ့။
မန္တလေးကျုံး
အုတ်ရိုးရေညှိတွေရဲ့ သက်တမ်းကို လာကြည့်သူတွေ
ရှေးမြန်မာတွေရဲ့ စနစ်ကျတဲ့ ခံတပ်ကျုံးရေပြင်
အခုများဖြင့်
ကျုံးကိုလည်း အဓမ္မကျင့်ခံရ
အုတ်ရိုးကြီးဟာ အဝတ်လှန်းစင်လိုလို
ရယ်တော့ ရယ်ရသား
နန်းစောင့်ရဲမက်တွေက ဘောင်းဘီရှည်ကြီးတကားကား
ကျုံးဟာ အနုပညာမဆန်တော့ဘူး
အနောက်မှာ ၁၉ရာစုလက်ကျန်နန်းမြို့ရိုး
အရှေ့မှာ ၂၁ရာစု ဒစ္စကိုကျုံး
ညဖက်ဆို ဒစ္စကိုဆလိုက်မီးတွေနဲ့ ရေပန်းရောင်စုံတွေ
သိပ်လှနေကြသလား
အဲ့တာ ရှေးဟောင်းအနုပညာကို အဓမ္မကျင့်ခံရတာ
နိုင်ငံခြားသားခရီးသွား မိုင်ပေါင်းများစွာလေယာဉ်စီးလာတာ
မှင်ဖျက်ဆေးတွေကြည့်ဖို့ မဟုတ်ဖူး…
ရောင်စုံရေပန်းကြည့်ဖို့ မဟုတ်ဖူး…
ဒါဟာ ရှေးလက်ရာ/ဒါဟာ ၁၉ရာစု အနုပညာ
ဒါဟာ မြန်မာ/ ဒါတွေ မြန်မာမှာပဲရှိတာ
သိဖို့ ကြည့်ဖို့ လာကြတာ။
(ရေပန်းကြည့်ဖို့အတွက်ဆို သူတို့နိုင်ငံမှာ အဆ၁၀၀ပိုလှတယ်)
ဘယ်အကောင်က စလိုက်တဲ့ မိုးခါးရေလည်း
လူငယ်တွေ လိုက်သောက်ကြ။
ပန်းခြံထဲက ခုံတန်းလျားလေးမှာ ရေးကြပါ
ကမ်းခြေကျောက်တုံးတွေမှာ ရေးကြပါ
သမိုင်းဝင် အဆောက်အုံဆိုတာ ပါတီပွဲထဲက ဖန်ခွက်မဟုတ်ဖူး
ရှေးဟောင်းအမွေကို မထိနဲ့
အနုပညာကို အနူလက်တွေမရေးနဲ့။
ပုဂံကို မထိနဲ့
မြောက်ဦးကို မထိနဲ့
သရေခေတ္တရာကို မထိနဲ့
အင်းဝကို မထိနဲ့
မန္တလေးကို မထိနဲ့
မင်းကွန်းကို မထိနဲ့
စစ်ကိုင်းကို မထိနဲ့
ထိချင်တဲ့ကောင်လက်မှာ ကွန်ဒုံးစွပ်ထားကြ ။
မြန်မာပြည်က အမွေအနှစ်တွေအတွက်
ပြည်ထောင်စုဝန်ကြီး မရှိဘူး
သာသနာရေးဝန်ကြီး မရှိဘူး
အမျိုး/ဘာသာ/သာသနာအဖွဲ့လည်း မရှိဘူး
ကာကွယ်ပေးမယ့်ဥပဒေလည်း မရှိဘူး
မရှိဘူး…မရှိဘူး
လူငယ်တော်တော်များများ လူသားစံနှုန်းမရှိဘူး။
အနုပညာလက်ရာပေါ်မှာ
အနူတွေက အနူလက်တွေနဲ့ရေးကြတဲ့အခါ
မြန်မာတစ်နိုင်ငံလုံးမှာ မှင်ဖျက်ဆေးတွေပြည့်နေတယ်။ ။
… … … … …
#ဆန်းကျော်စွာဝင်း
Photo : Credit
0 comments:
Post a Comment
အသိဥာဏ်ဖြင့် ဘ၀ကို တည်ဆောက်ပါ။