(၁)
ငါတို့ဟာ
တကယ်တော့ ဘာမှမဟုတ်ကြပါဘူး
အဲ့ဒီ ဘာမှမဟုတ်တဲ့ ငါတို့ဟာ
ရွာကအမေတွေအတွက်တော့
သူရဲကောင်းတွေချည်းပဲလေ။
ငါတို့ဟာ
တကယ်တော့ ဘာမှမဟုတ်ကြပါဘူး
အဲ့ဒီ ဘာမှမဟုတ်တဲ့ ငါတို့ဟာ
ရွာကအမေတွေအတွက်တော့
သူရဲကောင်းတွေချည်းပဲလေ။
သာသနာ့နယ်မြေက လွင့်စင်ထွက်ပြေးသွားကြသော ရှင်ငယ် ရဟန်းငယ်လေးတွေကို
မြင်တိုင်း သူငယ်ချင်းတစ်ယောက်ရဲ့ ကဗျာအပိုင်းအစလေးက ရင်ထဲမှာ
ပဲ့တင်ထပ်လာမြဲ။ အချို့က လောကဓံဆွဲအားကို သည်းမခံနိုင်ကြလို့၊ အချို့က
အာရုံတွေရဲ့ဆွဲအားကို သည်းမခံနိုင်ကြလို့။ အကြောင်းပြချက်အမျိုးမျိုးနဲ့
သာသနာ့ပျိုးဥယျာဉ်လေးထဲက ပန်းလေးတွေ တဖြုတ်ဖြုတ် ကြွေလွင့်နေခဲ့ကြရသည်။
"ဝတ္ထု မာတု၊ ဤနှစ်ခုကား၊ ဘိက္ခုသေမင်း၊ ဓားနှစ်စင်း"တဲ့။ ဓမ္မကထိက ဆရာတော်တစ်ပါးကတော့ "ငါတို့က ဓားနှစ်လက်ကို တစ်ဖက်တစ်လက် ကိုင်ထားရတာကွ"ဟု ပြောဖူးသည်။ ရှင်ငယ်ရဟန်းငယ်လေးများ အတွက်တော့ ဒုတိယဓားချက်က ပိုမိုပြင်းထန်ပါလိမ့်မည်။
ဖုန်းထဲက စကားပြောရင်း သီလရှင်ဆရာလေးတစ်ပါးနဲ့ လူထွက်ယူလိုက်ကြတဲ့
တောကျောင်းဘုန်းကြီးလေး တစ်ပါး အကြောင်းကြားမိတော့ ပြုံးမိသေးသည်။ သူတို့က
ကတုံးနှစ်လုံးပေါင်းလျှင် ဘဝအဓိပ္ပါယ် ပြည့်စုံပြီဟု ခံယူထားသည် ထင်ပါ၏။ လောကကြီးသည် ထင်ထားသည်ထက် ပရိယာယ်ပိုများကြောင်း တစ်နေ့ သိရပေလိမ့်မည်။
တစ်ခါက မိမိ၏ မိခင်ကြီး ပြောဖူးသော စကားလေးတစ်ခွန်းကို အမှတ်ရမိသည်။ " ဦးဇင်းတို့ကို ဒီအဝတ်လေးနဲ့ တစ်သက်လုံးမြင်နေရလျှင် အမေ သေပျော်ပါပီ"တဲ့။ မိဘဆိုသည်က သားသည် ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ တော်သည်ဖြစ်စေ၊ ညံ့သည်ဖြစ်စေ။ "အရဟဒ္ဓဇ"ဆိုတဲ့ ဒီအညိုရောင် အဝါရောင် အဝတ်ကလေးနှင့် မြင်နေရလျှင် ကျေနပ်နေကြသည် မဟုတ်ပါလား။ မိဘတိုင်းအတွက် သားရှင်ရဟန်းဟူသမျှသည် ရတနာ။ ထို့ကြောင့် ညီငယ်တို့အနေနဲ့ ဆုံးဖြတ်ချက်တစ်ခုခု ချတော့မည်ဆိုလျှင် မိဘမျက်နှာ အထူးဖြင့် အမေ့မျက်နှာလေးကို တစ်ချက်လောက် မြင်စေချင်ပါသည်။
(၂)
တစ်နေ့က ဓမ္မိကာရာမ ဗိုလ်ကျောင်းဆရာတော်နဲ့တွေ့တော့ "စာဝါမပြတ်စေနဲ့ ဦးဇင်း၊ စာဝါမရှိလျှင် စိတ်လေတယ်"ဟု မိန့်ခဲ့သည်။ အလုပ်မရှိသောလူသည် စိတ်လေတတ်သည် ဆိုသည့်သဘော။ သာသနာမှာ မပျော်မွေ့သူ အများစုသည် အလုပ်မရှိသူများဖြစ်သည်။ ဟိုးယခင်က သာသနာ့ဝန်ထမ်း ရှင်ရဟန်တို့၏ အလုပ်သည် နှစ်မျိုးသာ ရှိခဲ့သည်။ ၁။ ဂန္ထဓုရဟူသော စာသင်စာချ တရားဟော တရားပြခြင်း အလုပ်တစ်မျိုး ၂။ ဝိပဿနာဓုရဟူသော ကမ္မဋ္ဌာန်းဘာဝနာပွားများအားထုတ်ခြင်း အလုပ်တစ်မျိုး။ ဤနှစ်မျိုးသာ ရှိခဲ့သည်။ ယခုခေတ်မှာတော့ စာသင်စာချလုပ်မလား၊ တရားဟောတရားပြ လုပ်မလား၊ ဓမ္မစကူးလ်းဆရာလုပ်မလား၊ ပရဟိတလုပ်ငန်းတွေမှာ ဦးဆောင်မလား၊ ရဟန်းတော်များအတွက် လုပ်ငန်းအခွင့်အလမ်းတွေက ပေါများလှသည်။ ကောင်းသောလုပ်ရပ်မှန်မျှ လူအများက ထောက်ခံနေကြပါ၏။ လမ်းဘေးအမှိုက်ကောက်သော ရဟန်းတော်များကိုပင် အံ့သြစရာ ထောက်ခံနေကြပြီ မဟုတ်ပါလော။ ယုတ်စွအဆုံး မိမိသည် ပါရမီနည်းခဲ့၍ ပညာတတ်မြောက်အောင် မသင်နိုင်သည် ထားဦ။ ပညာသင်ယူနေကြသော စာသင်သားတို့၏ ဝေယျာဝစ္စကို ကူလုပ်ရင်း သူတို့ လိုအပ်ချက်ကို ဖြည့်ဆည်းရင်း အညတရဘဝဖြင့် ပညာပါရမီ ဖြည့်နိုင်သေးသည်။
ဓူဝံကြယ်သည်သာ မိုးကောင်းကင်ကို အလှဆင်နိုင်သည်မဟုတ်။ နာမည်မရှိသော အညတရကြယ်လေးများသည်လည်း မိုကောင်းကင်ကို အလှဆင်နိုင်သည်သာ။ ညီငယ်တို့ကို ဤသို့ပင် လက်ခံယုံကြည်စေလိုပါသည်။
(၃)
ရဟန်းဘဝ လူ့ဘဝထက်
ကုသိုလ်အရ ပိုများတယ်။
ရဟန်းဘဝ လူ့ဘဝထက်
နိဗ္ဗာန်အရောက် ပိုမြန်တယ်။
ငယ်ငယ်က မှတ်သားခဲ့ဖူးတဲ့ ဆရာတော်အရှင်ဆန္ဒာဓိကရဲ့ စာစုလေး။ မိမိတို့မှာတော့ ထိုသို့ မြင့်မြတ်သော ယုံကြည်ချက်မျိုးထိ မရှိသေးပါ။ သို့သော် ရဟန်းဘဝသည် ပညာပါရမီ ဖြည့်ဆည်းလို့ အကောင်းဆုံးနေရာ၊ ပရဟိတလုပ်ငန်းတွေကို စိတ်လွတ်ကိုယ်လွတ် ဆောင်ရွက်ခွင့်ရှိသောနေရာ၊ အပူဆိုတာ ကိုယ်ကရှာမှ ရနိုင်သောနေရာ၊ ဤသို့သော ယုံကြည်ချက်မျိုးတော့ အပြည့်အဝရှိနေပါ၏။ မိမိသည် သာသနာ့ဘောင် စဝင်ကာစက အသက်(၁၀)နှစ်မျှသာ ရှိသေးသည်။ သာသနာသည် ကောင်းသလော ဆိုးသလော ဘာမျှ ရေရေရာရာမသိသေး။ သဒ္ဓါပဗ္ဗဇိလည်း မဟုတ်ခဲ့ပါ။ သို့သော် ငယ်စဉ်ကတည်းက စာကျက်ရသည်ကို ပျော်ခဲ့သည်။ စာမေးပွဲဖြေရသည်ကို ပျော်ခဲ့သည်။ အောင်မြင်မှုရသည်ကို ပျော်ခဲ့သည်။ အောင်မြင်မှုနှင့် ထိုက်တန်သော နေရာတစ်ခုရသည်ကို ပျော်ခဲ့သည်။ အော် သာသနာဆိုတာ ပျော်စရာနေရာ။ အောင်မြင်မှုနှင့် မထိုက်တန်သူသည် မရှိ။ အောင်မြင်သူတိုင်းနီးပါး ပျော်ရွှင်မှုကို ရတတ်ကြပါသည်။ ညီငယ်တို့ကိုလည်း ဤသို့သော ပျော်ရွှင်မှုမျိုး ရစေချင်ပါသည်။
(၄)
ပုထုဇဉ်လူသားအများစုသည် တွေးတောပူပန်တတ်ကြသည်။ အချို့က သားသမီးအတွက်၊ အချို့က မိသားစုအတွက်၊ အချို့က တိုင်းပြည်အတွက်၊ အချို့က သာသနာအတွက်။ မိမိပူပန်နေမိသည်ကား နောင်တစ်ချိန်မှာ ပရိယတ်စာပေသင်ယူမည့် ရှင်ရဟန်းမရှိတော့မှာကို စိုးရိမ်ပူပန်မိသည်။ တစ်နှစ်အတွင်း သံဃာကိုသောင်းလျှော့နည်းသွားခြင်းသည် မြန်ဆန်လွန်းလှသည်။ အသက်ခြောက်ဆယ်ကျော် စာချဆရာတော်တစ်ပါးက "ငါတို့တစ်သက်တော့ သာသနာမကွယ်တော့ဘူးဟေ့"တဲ့။ မိမိတို့ရော ဆရာတော်လို ရဲရဲဝံ့ဝံ့ ပြောနိုင်ကြပါမည်လော။ အော် စဉ်းစားစရာတွေကို စဉ်းစားစေချင်ပါသေးသည်။
အရှင်ပညာစာရာလင်္ကာရ (စည်ရှင်)
Credit ; အရှင် ပညာစာရာလင်္ကာရာဘိဝံသ
Owner's Link; https://web.facebook.com/jhonkyawkyaw

0 comments:
Post a Comment
အသိဥာဏ်ဖြင့် ဘ၀ကို တည်ဆောက်ပါ။