အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

Tuesday, December 1, 2015

" အမှိုက် "

အမှိုက်ကောက်သူတွေအကြောင်းရေးထားတဲ့
သတင်းတစ်ပုဒ်ကို ဖတ်လိုက်မိတော့
ဘုရားရှင်လက်ထပ်က
အမှိုက်တွေကို မပျင်းမရိ လိုက်ကောက်လေ့ရှိတဲ့
ရှင်ရာဟုလာအကြောင်းကို သတိရမိခဲ့ပါတယ်။

သန့်ရှင်းရေးလုပ်တဲ့နေရာ၊ အမှိုက်ကောက်တဲ့နေရာမှာ
နာမည်ကြီးလှတဲ့ ရှင်ရာဟုလာဟာ
ဘယ်သူကဘယ်လိုပြောပြော
အမှိုက်နဲ့ပတ်သက်၊ သန့်ရှင်းရေးနဲ့ ပတ်သက်လာရင်
စိတ်ထားကောင်းကောင်းနဲ့ ကုသိုလ်ရရေးကို
အထူးအလေးပေးတော်မူတာကို တွေ့ရပါတယ်။
တစ်ခါတလေ ရဟန်းတော်များက
ရာဟုလာလေးရဲ့ စိတ်နေသဘောထားကို
စမ်းသပ်တဲ့အနေနဲ့
တံမြက်စည်းတွေ၊ အမိုက်တောင်းတွေ၊
အမှိုက်တွေကို ဟိုချဒီချ ချထားပြီး
ရှင်ရာဟုလာနဲ့ တွေ့တဲ့အခါ
“ဒါတွေကို ငါ့ရှင်ထားခဲ့တာ မဟုတ်လား”လို့
မေးတဲ့အခါမှာလည်း ရာဟုလာလေးက
“မှန်ပါ တပည့်တော် အခုပဲ သိမ်းလိုက်ပါမယ်၊
သန့်ရှင်းလိုက်ပါမယ်”ဆိုပြီး
စေတနာကောင်းကောင်း၊ လိုလိုချင်ချင်နဲ့ကို
ပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။
သန့်ရှင်းရေးနဲ့ ပတ်သက်ပြီး
စိတ်ဓာတ်ရော၊ လုပ်ရပ်ပါ ကောင်းလွန်းလှတဲ့
ရှင်ရာဟုလာရဲ့ ခံယူချက်ကတော့
တကယ့်ကိုပဲ အတုယူ ကျင့်သုံးစရာ ဖြစ်ပါတယ်။
ဟုတ်ပါတယ်။
စိတ်ထားကောင်းကောင်းနဲ့သာ
ပြုမူလုပ်ဆောင်တတ်မယ်ဆိုရင်
ဘယ်သူအမှိုက်ကို ဘယ်လိုပဲပစ်ပစ်
ကိုယ်ကောက်လိုက်တဲ့အမှိုက်၊
ကိုယ့်သန့်ရှင်းလိုက်တဲ့ ကုသိုလ်ဟာ
ကိုယ့်အတွက်တော့ ကောင်းကျိုးတစ်ခုကို
ဆောင်ရွတ်လိုက်တာပဲ ဖြစ်ပါတယ်။
အမှိုက်ပစ်တဲ့လူကို ရှာစရာမလိုဘဲ
အမှိုက်ကောက်လိုက်တဲ့ ကိုယ့်ရဲ့ စိတ်စေတနာဟာ
အခရာပဲ ဖြစ်ပါတယ်။
ဒါက အပြင်ပိုင်း ရုပ်ဝတ္ထု ဆိုင်ရာ အမှိုက်ကို ပြောတာပါ။
စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးတော့
စိတ်ကိုပူလောင်စေတဲ့အရာ၊
စိတ်ကိုညစ်နွမ်းစေတဲ့ အရာတွေကိုလည်း
အမှိုက်လို့ တင်စားပြောဆိုလေ့ရှိပါတယ်။
အဲဒီအမှိုက်တွေကတော့
လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိစတဲ့
ကိလေသာ အမှိုက်တွေပဲ ဖြစ်ပါတယ်။
တစ်ခါတလေ
အဲဒီအမှိုက်တွေကြောင့် ကိုယ့်စိတ်မှာ မသန့်ရှင်းပဲ
လေးလံထိုင်းမှိုင်း ညစ်နွမ်းစေတာလည်း
ကြုံဖူးကြမှာ ဖြစ်ပါတယ်။
အမှိုက်ပစ်တဲ့သူတွေ၊ အမှိုက်ကောက်တဲ့ သူတွေကြောင့်
မသန့်ရှင်းတာတွေ၊ သန့်ရှင်းတာတွေလည်း
ခဏခဏ ဖြစ်နေကြတော့တာ ဖြစ်ပါတယ်။
တစ်ချို့က အမှိုက်ကို ဗရမ်းဗတာ ပစ်လေ့ရှိတတ်သလို၊
တစ်ချို့လည်း ပစ်သမျှ အမှိုက်တွေကို
လိုက်ကောက်တာမျိုး ရှိတတ်ပါတယ်။
ကိုယ့်အမှိုက်ကို ပတ်ဝန်းကျင် ထိအောင်ပစ်တတ်သူနဲ့
အမှိုက်တွေကို သန့်ရှင်းသွားအောင် လုပ်တတ်သူ၊
အမှိုက်ပျောက်အောင် လုပ်တတ်သူနဲ့
အမှိုက်ကောက်နေတတ်သူ စသဖြင့်
အမှိုက်တွေနဲ့ ပတ်သက်ပြီး
ကျင့်သုံးတဲ့သူ အမျိုးမျိုး ရှိနေတတ်ပါတယ်။
တကယ်တော့
စိတ်နဲ့ပတ်သက်ပြီး လေ့ကျင့်တဲ့အခါမှာ
အဲဒီစိတ်ကို ညစ်နွမ်းစေတတ်တဲ့
အကုသိုလ်၊ ကိလေသာဆိုတဲ့ အမှိုက်တွေကို
အသိသတိနဲ့ သန့်ရှင်းသွားအောင် လုပ်တတ်ဖို့
အထူးလိုအပ်လှပါတယ်။
ကိုယ်သန္တာန်မှာ အမှိုက်တွေ ရှိလာပြီဆိုရင်
အဲဒီအမှိုက်တွေကို အမြန်ဆုံး သန့်ရှင်းပစ်နိုင်အောာင်
ကြိုးစားရမှာ ဖြစ်ပါတယ်။
သူများက ပစ်လိုက်တဲ့ အမှိုက်တွေ ရှိလာရင်လည်း
အဲဒီအမှိုက်တွေကို လိုက်မကောက်ဖို့
ကိုယ်ကလေ့ကျင့်ရမှာ ဖြစ်ပါတယ်။
တစ်ယောက်ယောက်က
ကိုယ့်ကို ဒေါသဖြစ်စေတဲ့ ဒေါသအမှိုက်၊
မာနဖြစ်စေမယ့် မာနအမှိုက်
စတာတွေနဲ့ ပစ်လာရင်လည်း
အဲဒီအမှိုက်တွေကို လိုက်မကောက်ဘဲ
နေနိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။
တစ်ခါတလေ
လူတွေက ဘာမဟုတ်တာလေးတွေ အပေါ်မှာ
လိုက်ခံစားပြီး ကိုယ့်စိတ်ကို လေးလံထိုင်းမှိုင်းစေ၊
စိတ်မှာအညစ်အကြေးတွေ
ဖြစ်စေတာလည်း ရှိတတ်ပါတယ်။
ဒါဟာ အမှိုက်တွေ
လိုက်ကောက်နေသလိုပဲ ဖြစ်ပါတယ်။
အမှန်တော့
အမှိုက်ဆိုတာ ရှုတ်နေလို့ မကောင်းဘဲ
ရှင်းနေမှ ကောင်းတာဖြစ်တဲ့အတွက်
အမှိုက်ဆိုရင်
ကိုယ့်အမှိုက်ပဲဖြစ်ဖြစ်၊ သူ့အမှိုက်ပဲ ဖြစ်ဖြစ်
သန့်ရှင်းနေအောင် လုပ်ကြရမှာဖြစ်ပါတယ်။
ဒီလိုပါပဲ။
စိတ်ကို ညစ်နွမ်းစေတဲ့
ကိလေသာ အမှိုက်တွေဆိုတာလည်း
ကိုယ့်စိတ်မှာ ရှင်းနေမှကောင်းပါတယ်။
စိတ်အမှိုက်ဆိုရင်
ကိုယ့်ကြောင့်ပဲ ဖြစ်ဖြစ်၊ သူ့ကြောင့်ပဲ ဖြစ်ဖြစ်
ရှင်းနေအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။
စိတ်ကို ပူလောင်ညစ်နွမ်းစေတဲ့ အမှိုက်တွေ
ကိုယ့်သန္တာန်မှာ ဖြစ်ပေါ်လာရင်
အမြန်ဆုံးထုတ်ပစ်နိုင်အောင်
အသိသတိတရား၊ ကောင်းတဲ့အမူအကျင့်များနဲ့
သန့်ရှင်းကြရမှာ ဖြစ်သလို
သူများကြောင့် ဖြစ်ပေါ်လာတဲ့
မကောင်းတဲ့ အမှိုက်တွေကိုလည်း
ကိုယ့်စိတ်ထဲမှာ ခံစားမနေရအောင်
အမှိုက်တွေကို လိုက်မကောက်ကြဖို့
အထူးလေ့ကျင့်ကြရမှာ ဖြစ်ပါတယ်။
အမှိုက်ဆိုတာ ရှုတ်ဖို့မဟုတ်ပါဘူး။
ရှင်းဖို့ပါ။
အမှိုက်ဆိုတာ ကောက်ဖို့မဟုတ်ပါဘူး။
ပျောက်ဖို့ပါ။
ကိုယ့်အမှိုက်လည်း မရှုတ်မိပါစေနဲ့။ သူများအမှိုက်တွေကိုလည်း
လိုက်မကောက်မိပါစေနဲ့။
ကောက်မိရင်လည်း
အမြန်ဆုံး သန့်ရှင်းပစ်နိုင်အောင် ကြိုးစားကြရမှာပါ။
ဒါကြောင့် အမှိုက်ဆိုတာ
ကိုယ့်အမှိုက်ပဲ ဖြစ်ဖြစ်၊ သူ့အမှိုက်ပဲဖြစ်ဖြစ်
အားလုံးသန့်ရှင်းအောင် ကြိုးစားဖို့လိုအပ်သလို
စိတ်ကိုညစ်ပေဆိုတဲ့ အကုသိုလ်၊
ကိလေသာ အမှိုက်တွေဆိုတာလည်း
ကိုယ့်ကြောင့်ပဲဖြစ်ဖြစ်၊ သူ့ကြောင့်ပဲ ဖြစ်ဖြစ်
သန့်ရှင်းသွားအောင် လုပ်ဖို့လိုအပ်တာ ဖြစ်တဲ့အတွက်
အမှိုက်မှန်သမျှ သန့်ရှင်းရအောင်
အသိတရား၊ အကျင့်တရားများနဲ့
ကြိုးစားလေ့ကျင့်ကြရမှာ ဖြစ်ပါကြောင်း
အမှိုက်အကြောင်း တစေ့တစောင်းတင်ပြလိုက်ရပါတယ်...။ ။
မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ

Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

အသိဥာဏ်ဖြင့် ဘ၀ကို တည်ဆောက်ပါ။

အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

 

Copyright @ 2013 အရှင်တေဇိန္ဒ ဒိုက်ဦး.