အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

Tuesday, December 1, 2015

“နှိုင်းယှဉ်ခြင်း”

မာနသည် မြန်မာစကား မဟုတ်ပါ။ မဂရာဇ်တိုင်းသားများ ပြောဆိုကြသော မဂဓစကား၊ မဂဓစာ ဖြစ်ပါသည်။ မဂဓစာသည် ဘုရားရှင်၏ နှုတ်တော်ထွက် တရားတော်များကို မှတ်တမ်းတင်သောစာ ဖြစ်သောကြောင့် (ပါဠိစာ) ဟု ခေါ်ဆိုကြသည်။ ပါဠိဟူသောစကားသည် ဘုရားရှင်၏ တရားတော်များကို ထိန်းသိမ်း စောင့်ရှောက်ထားခြင်းဟု အဓိပ္ပါယ်ရပါသည်။ ဘုရားရှင်၏ သာသနာတော် မြန်မာနိုင်ငံသို့ ဆိုက်ရောက်လာသောအခါ သာသနာတော်နှင့်အတူ ပါဠိစာပေများလည်း ဆိုက်ရောက်လာပါသည်။ ထို့ကြောင့် အချို့ချို့သော ပါဠိစကားကို မြန်မာတို့က မြန်မာစကားအမှတ်ဖြင့် ပြောဆိုနေကြပါသည်။ မြန်မာအများ ပြောဆိုနေကြသော ပါဠိစကားတို့တွင် “မာန - မာန်” ဟူသော စကားလည်း ပါဝင်ပါသည်။ ဒီကောင်မ အတော်မာနကြီးတယ်။ ဤသူ ပြုလုပ်နေပုံကား အားမာန် အပြည့်အ၀ပါ၏၊ ဤစကားရပ်တို့၌ ပါဝင်သော မာနသဒ္ဒါ၊ မာန်သဒ္ဒါတို့သည်ကား မြန်မာအများ၏ နှုတ်ဖျားမှ မကြာခဏ ပြောဆိုတတ်ကြသော ပါဠိစကား၊ ပါဠိသက် စကားများ ဖြစ်ကြပါသည်။ မြန်မာတို့သည် “မာန” ဟူသောစကားကို ကိုယ့်စကားသဖွယ် ပြောဆိုနေကြသော်လည်း ထိုမာန၏ အနက်အဓိပ္ပာယ်အကျယ်ကို သိသူ လွန်စွာနည်းပါးလှပါသည်။သဒ္ဒါရေးအားဖြင့် “မာန”ဟူသော ပုဒ်သည် “မာ” - ဓာတ်၊ “ယု” - ပစ္စည်းတည်း။ မာ - ဓာတ်သည် အကယ်၍ ဘူဝါဒိဂိုဏ်း ဖြစ်ငြားအံ့၊ မာန - မြတ်နိုးခြင်းအနက်၊ သဒ္ဒ - အသံ ဟူသော အနက်တို့ကို ဟောပါသည်။ ကိယာဒိ ဂိုဏ်း ဖြစ်ငြားအံ့၊ ပရိမာဏ နှိုင်းယှဉ်ခြင်းဟူသော အနက်ကို ဟောပါသည်။ လောက ဝေါဟာရအားဖြင့် “တက်ကြွားကြွကြွ၊ မြင့်လွန်းကလည်း၊ လျှောကျနောက်ဆုံး ရှိချေ၏” ဟူသော သံဝေဂလင်္ကာကို ထောက်ပြ၍ မာနဟူသည် စိတ်အားတက်ကြွခြင်း၊ ဘ၀င်မြင့်နေခြင်းဟု ယူဆကြပါသည်။ ထိုအယူအဆသည်လည်း မမှားပါ။ သို့သော် သဒ္ဒါနက်ကား မဟုတ်၊ပညတ်နက်မျှသာ ဖြစ်သည်။ “မာန”ဟူသောပုဒ်၏ သဒ္ဒါနက်ကား “နှိုင်းယှဉ်ခြင်း” သာ ဖြစ်ပါသည်။ ထို နှိုင်းယှဉ်ခြင်း သည် (၁) မြတ်သော နှိုင်းယှဉ်ခြင်း၊ (၂) တူသော နှိုင်းယှဉ်ခြင်း၊ (၃) ယုတ်သော နှိုင်းယှဉ်ခြင်း ဟူ၍ သုံးမျိုး ရှိပါသည်။ ●ထိုသုံးမျိုးတို့တွင် ပစ္စည်းဥစ္စာ၊ အတတ်ပညာ၊ အာဏာတန်ခိုး၊ အဆင်းဏ္ဌန်စသောအားဖြင့် တစ်ဖက်ဖက်မှ ငါကသာသည်ဟု နှိုင်းယှဉ်ခြင်း သည် “ မြတ်သော နှိုင်းယှဉ်ခြင်း” ဖြစ်ပါသည်။ ●တစ်ဖက်သားနှင့် မိမိကိုယ်ကို နှိုင်းယှဉ်ခြင်းသည် “တူသော နှိုင်းယှဉ်ခြင်း” ဖြစ်ပါသည်။ ●မိမိသည်နှိုင်းယှဉ်သော ပုဂ္ဂိုလ်အောက် တစ်ဖက်ဖက်မှ နိမ့်ကျနေပါလျက် သူ့အောက်ကျလည်း အရေးစိုက်ဖွယ် မလိုဟု အောက်မှ ခံခွပ်သော ကြက်ကဲ့သို့၊နိမ့်ကျရာမှ နှိုင်းယှဉ်ခြင်းသည် “ယုတ်သော နှိုင်းယှဉ်ခြင်း” ဖြစ်၏။ မာနဟူသည် (သေယျော ဟ မသ္မီတိ အာဒိနာ မညတီတိ မာနော) ဟု ၀ိဂြိုဟ်ဆိုသည့်အတိုင်း မိမိသည် မြတ်သောအဆင့်၌ပင် တည်တည်၊ အလတ်စား ဘ၀ပင်ဖြစ်ဖြစ်၊ အယုတ်စားအဆင့်၌ပင် တည်စေ သူတစ်ပါးနှင့် နှိုင်းယှဉ်ရာ၌ မိမိဘက်မှ အသာထား၍ နှိုင်းယှဉ်ခြင်း ကို မာနဟု ဖွင့်ပြကြပါသည်။ ဤနေရာ၌ ဒုကနိပါတ်မှလာသော “ဂင်္ဂေယျဇာတ်”ကို ဖော်ပြပါဦးမည်။ ■“ဂင်္ဂေယျဇာတ်”■ •••••••••••••••••••••••• ဂင်္ဂါမြစ်နှင့် ယမုံနာမြစ်တို့၏ ဆုံရာတွင် ဂင်္ဂါငါးတစ်ကောင်နှင့် ယမုံနာငါးတစ်ကောင်တို့ ဆုံတွေ့ကြလေ၏။ ဂင်္ဂါငါးက “အဆွေ၊ အဘယ် အရပ်မှ လာသနည်း” ဟု မေး၏။ ယမုံနာငါးက “အကျွန်ုပ် ယမုံနာမြစ်တွင်းမှ စုန်ဆင်းလာပါသည်။ အသင်သည်ကား အဘယ်အရပ်မှ လာပါသနည်း” ဟု မေး၏ ၊ ဂင်္ဂါငါးက “အကျွန်ုပ်ကား ဂင်္ဂါမြစ်ကြီးအတွင်း ကျက်စားသွားလာနေသူ ဖြစ်ပါသည်။ ဂင်္ဂါမြစ်သည် ကြည်လည်းကြည်၊ အေးလည်းအေး၊ ရေနေအင်အားလည်း ကြီးမားသောကြောင့် မြစ်ကြီးကို အမှီပြု၍ ကျွန်ုပ်၏ ရုပ်အဆင်းသည်လည်း အလွန်အမင်း တင့်တယ်နေသည်မဟုတ်ပါလော” ဟု ဆို၏။ ထိုအခါ ယမုံနာငါးက “ အဆွေ ဂင်္ဂါငါး . . . သင်သည် ကိုယ်ကာယအားဖြင့် ကြီးမားသည်ကား မှန်ပါ၏ ။ သို့သော် အကျွန်ုပ်ကဲ့သို့ လှပတင့်တယ်ခြင်းကား မရှိပါ။” ဟု ပြော၏ ၊ ဤသို့လျှင် ဂင်္ဂါငါးနှင့် ယမုံနာငါးတို့သည် သူကလှသည်၊ ငါကလှသည်ဖြင့် ငြင်းခုံနေရာသို့ လိပ်ကြီးတစ်ကောင်ရောက်လာသည်။ ထိုအခါ ဂင်္ဂါငါးက “ အဆွေယမုံနာ . . . သင်နှင့်ငါ အလှပြဿနာကို အချင်းချင်း ဖြေရှင်း၍ မရကြပါ။ ဤလိပ်ကြီးအား ခုံထား၍ မေးမြန်းရသော်မကောင်းပါလော” ဟု ဆို၏ ၊ ယမုံနာငါးကလည်း “မိတ်ဆွေအကြံ ကောင်းပါသည် ၊ လိပ်မင်း အဆုံးအဖြတ်အတိုင်း ကျွန်ုပ်နာယူပါမည်” ဟု ပြောသဖြင့် လိပ်ကြီးအား အဆုံးအဖြတ်ပေးရန် ခုံတင်ကြလေသည်၊ ထိုအခါ လိပ်ကြီးက “ဂင်္ဂါငါးသည်လည်း သူ၏ရုပ်အဆင်း ရှိသလောက် လှပပါသည်၊ ယမုံနာငါးသည်လည်း သူ၏ ရုပ်အဆင်းရှိသလောက် လှပပါသည်။ သို့သော် သင်တို့၏ ငါးအလှသည် ငါကဲ့သို့သော လိပ်၏အလှကို မမီချေ၊ သင်တို့ငါ့ကိုကြည့်ကြစမ်းပါ။ ငါသည် လည်ပင်းက ရှည်ရှည်၊ ကိုယ်ခန္ဓာ ၀ိုင်းဝိုင်းဖြင့် သင်တို့ထက် လှသည်မဟုတ်ပါလော” ဟု ဆိုလေ၏။ ထိုအခါ ငါးတို့က “ဟယ် . . . လိပ်ယုတ်မာ သင်သည် ငါတို့မေးသည်ကိုကားမဖြေ၊ သင့်ကိုယ်ကိုသာ ချီးကျူးခဲ့သည်” ဟု အပြစ်တင်ကြပြီးလျှင် လိပ်၏ကျောကို ရေဖြင့်ပက်၍ ထွက်ခွာသွားကြလေသည်။ ဤ ဇာတ်တော်ပါ သတ္တ၀ါသုံးဦးကဲ့သို့ မာနတရားသည် သူတစ်ပါးထက် မိမိက တစ်နေရာရာမှာ သာသည်ဟု မိမိဘက်မှ အသာထား၍ နှိုင်းယှဉ်တတ်မြဲဖြစ်လေသည်။ လောက၌ သတ္တ၀ါမှန်သမျှ မိမိဘ၀၊ မိမိ၏ရပ်တည်ချက်ကို သိသူ အလွန်နည်းပါးလှပါသည်။မိမိထက် အရာရာ၌ အဆင့်အတန်း သာသော ပုဂ္ဂိုလ်တို့နှင့်တွေ့သောအခါ “ဤပုဂ္ဂိုလ်ကား အမှန်တကယ် မိမိထက် အဆင့်အတန်းမြင့်ပါသည်တကား” ဟု သိရန် အလွန်လိုပါသည်။ ကျွန်ုပ်တို့သည် မိမိတို့၌ မာနတည်းဟူသော နှိုင်းယှဉ်ချက် ရှိနေသဖြင့် ထိုပုဂ္ဂိုလ်ကြီးသည် မည်သည့် နေရာ၌ မိမိအောက် အဆင့်အတန်းနိမ့်သည်ဟု အဆင့်နိမ့်သော အကွက်ကို ကြည့်၍ ဥရုဝေလကဿပသည် ဘုရားရှင်၏ တန်ခိုးပြဋိဟာကို ကြည့်၍ ရှင်ကြီးဂေါတမသည်ကား ငါ့ထက် အမှန်တကယ် တန်ခိုးကြီး၏၊ သို့သော် ငါကဲ့သို့ အာသဝေါ ကုန်ခမ်းသည့် ရဟန္တာကား မဟုတ်ဟု တစ်ဖက်ဖက်မှ မိမိက အနိုင်တွက်တတ်ကြပါသည်။ ■“ဂူထပါဏဇာတ်”■ •••••••••••••••••••••••••• ဒကနိပါတ် ဂူထပါဏဇာတ်၌ ဆင်ပြောင်ကြီးကို တုပြိုင်မာန်မူသော ချေးပိုးထိုးဇာတ်တစ်ဇာတ် ရှိပါသည်။ အခါတစ်ပါး ခရီးသွားလူတစ်စုသည် ရေအိုင်အနီး စခန်းချ၍ သောက်ကြစားကြပြီးလျှင် ကြွင်းကျန်သော အရက်နှင့် စားဖွယ်သောက်ဖွယ်များကို စွန့်ပစ်ထားခဲ့ကြသည်။ ထိုနေရာ၌ ရှိသော ချေးပိုးထိုးကြီးတစ်ကောင်သည် မစင်နံ့ကို ရသောကြောင့် မြေတွင်းထဲမှ ထွက်လာ၏၊ အပြင်လောကသို့ ရောက်သောအခါ လူတို့ စွန့်ပစ်ထားခဲ့သော အရက် အကြွင်းအကျန်များကို တွေ့၍ တစ်ဝကြီး သောက်လိုက်ရာ မူးယစ်လာ၏။ ထို့နောက် လူတို့စွန့်ထားခဲ့သော မစင်ပုံပေါ်သို့ ဖက်၍ တက်၏။မစင်ပုံမှာ ပျော့အိနေသဖြင့် ချေးပိုးထိုးကောင် တက်သောအခါပျော့ဆင်းလာ၏။ ထိုအခါ ချေးပိုးထိုးသည် ဘ၀င်မြင့်လာကာ “ငါကား သာမန် ပုဂ္ဂိုလ် မဟုတ် ၊ ဤမြေသည်ပင် ငါ၏ အလေးကို မခံနိုင်”ဟု ကြွေးကြော်လိုက်၏။ ထိုအချိန်တွင် ဆင်ပြောင်ကြီးတစ်ကောင်သည် မစင်နံ့ကို ရသောအခါ ရှေ့သို့မတိုးဘဲ နောက်သို့ ဆုတ်လိုက်၏။ ဤသည်ကို ချေးပိုးထိုးက “ဆင်ပြောင်ကြီးက အဘယ်ကြောင့် နောက်ဆုတ်ပြေးသနည်း၊ သင်လည်း သူရဲကောင်း၊ ငါလည်းသူရဲကောင်း၊ သူရဲကောင်းခြင်းဆုံကြခိုက် စစ်မထိုးဝံ့ဘဲ အဘယ်ကြောင့် နောက်သို့ ဆုတ်ခွာဘိသနည်း” ဟု လှမ်း၍ ခေါ်လိုက်၏။ ထိုအခါ ဆင်ပြောင်ကြီးသည် ပြန်လှည့်လာပြီးလျှင် - “ဟဲ့ ချေးပိုးထိုး၊ သင်သည် ငါ၏ခြေဖြင့်လည်း မနင်းလောက်၊ အစွယ်ဖြင့်လည်း မထိုးသာ၊ နှာမောင်းဖြင့်လည်း မသတ်လောက်၊ ထို့ကြောင့် သင့်ကို မစင်ဖြင့်သတ်အံ့၊ ဟယ် . . . ချေးပိုးထိုး သင်သည် ငါ၏မစင်ဖြင့် သေလေလော” ဟု ဆိုကာ ချေးပိုးထိုးအထက်သို့ မစင်ညှစ်ချလိုက်ရာ မာနကြီးသော ချေးပိုးထိုးသည် ဆင်၏ မစင်တုံးဖိမိ၍ သေရှာလေသည်။ ►များစွာသော သတ္တ၀ါတို့သည် ချေးပိုးထိုးကဲ့သို့ပင် ကိုယ့်ဘ၀ကို မသိကြချေ။မိမိကိုယ်ကိုမိမိ အဟုတ်ကြီးထင်ကာ မိမိထက် အဆင့်အတန်း သာလွန်သူကို မာန်မူတတ်ကြပါသည်။ မာနဟူသည် မိမိ၏ရုပ်အဆင်း၊ ပစ္စည်းဥစ္စာ အတတ်ပညာကိုမှီ၍ အမှန်အတိုင်း နှိုင်းယှဉ်သောမာနပင်ဖြစ်စေ၊ ချေးပိုးထိုးကဲ့သို့ မရှိသောဝတ္ထုကို အရှိထင်ပြီး၊ နှိုင်းယှဉ်သောမာနပင်ဖြစ်စေ၊ စင်စစ် “အကုသိုလ် အစု” သာလျှင် ဖြစ်ပါသည်။ အကုသိုလ်မှန်သမျှ မည်သည့် အကုသိုလ်မျှ ကောင်းကျိုးမပေးပါချေ။ ■“သာဏ၀ါသီထေရ်”■ •••••••••••••••••••••• ဗာရာဏသီပြည့်ရှင် ဘုရင်မင်းမြတ်၏သားတော် “ကိတ၀မင်းသား” သည် မင်း၏သားတော် ဖြစ်သည့်အလျောက် အလွန်မာနကြီး၏။မြင်သူဆင်းရဲသား ကျွန်တော်မျိုးများက လက်အုပ်ချီမိုး ရှိခိုးမှသာ ကျေနပ်၏။ ဆင်းရဲသား ကျွန်တော်မျိုးများကလည်း မင်းသား၏အကြိုက် ဦးတိုက်ရှိခိုးကြရလေသည်။တစ်နေ့တွင် ကိတ၀မင်းသားသည် ဥယျာဉ်ကစားရာမှ ဆင်စီး၍ နန်းတော်သို့ပြန်လာ၏။ လမ်းခရီးတွင် ဆွမ်းခံပြီး မြို့တွင်းမှထွက်လာသော “သုနေတ္တ” အမည်တော်ရှိသော “အရှင်ပစ္စေကဗုဒ္ဓါ”အား မြင်၏။ ရှင်ပစ္စေကဗုဒ္ဓါကား မြေမှုန့်အလိမ်းလိမ်းကပ်သော ပံ့သကူအ၀တ်များကို ချုပ်စပ်ဆေးဆိုးထားသော သင်္ကန်းကြီးကို ၀တ်ထားသည်။မည်သည့်အရပ်ကိုမျှ မကြည့်။ စက္ခုနြေ္ဒချ၍ ကြည်ညိုဖွယ်ကြွလာ၏။ သို့သော် မင်းသား၏ မျက်စိတွင် ထမင်းတောင်း၍ ပြန်လာသော သူတောင်းစားတစ်ယောက်မျှသာ မြင်၏။ အနီးသို့ ရောက်လာသောအခါ အခြားသူများကဲ့သို့ မိမိအား အလေးအမြတ် မပြု။ မျက်နှာကို ငုံ့၍ သွားမြဲအတိုင်း သွားနေ၏။ ကတ၀မင်းသာသည် သုနေတ္တရှင်ပစ္စေကဗုဒ္ဓါအားကြည့်ရင်း ကြည့်ရင်း ဒေါသဖြစ်လာသည်။ဤဦးပြည်းသည် အဘယ့်ကြောင့် ငါ့အား လက်အုပ်မချီသနည်း။ ငါ့အကြောင်းကို သိစေအံ့ဟု ဆင်ကျောက်ကုန်းမှ ဆင်းသက်ပြီးလျှင် ရှင်ပစ္စေကဗုဒ္ဓါထံပါးကို ပြေးလွှား၍ သပိတ်တော်ကို ဆွဲလုပစ်ခွဲလိုက်လေ၏။ ရှင်ပစ္စေကဗုဒ္ဓါသည် လက်တွင်းမှ သပိတ်ကို လုယူသွားသဖြင့် လုယူသူ၏ မျက်နှာကို မော်၍ ကြည့်မိ၏။ ထိုအခါ မင်းသားက “သင်သည် ငါ့ကိုကြည့်၍ အဘယ်ပြုအံ့သနည်း။ ငါ့ကို ကိတ၀ မင်းသား ဟူ၍ အသင် မသိသလော။” ဟု ကြိမ်းဝါးကာ ခရီးဆက်၍ သွားလေ၏ ။ မာနဟူသော တရားသည် အယုတ်အမြတ်ကို မသိတတ်။မိမိဘက်ကသာအမြတ်ဟူ၍ ယူဆမိတတ်လေသည်။ ကိတ၀မင်းသားသည် ရှင်ပစ္စေကဗုဒ္ဓါ၏ သီလ၊ သမာဓိ၊ ပညာကို ဘာမျှမသိ။ အစုတ်စုတ် အပြတ်ပြတ် သင်္ကန်းညိုကြီးကို ၀တ်၍ ၊ ခွက်လက်စွဲကာ တောင်းရမ်းစားသောက်နေသော “သူတောင်းစား”တစ်ယောက်မျှသာဟု အမှတ်မှားခဲ့လေသည်။ ထို့ကြောင့် သူ့ဘာသာသူ ခရီးသွားနေသော ရှင်ပစ္စေကဗုဒ္ဓါအား အပြစ်မရှိ အပြစ်ရှာကာ ရက်စက်စွာ ပြုမူခဲ့မိသည်။ သူ၏ အပြုအမူကား သူ့အတွက် အလွန် ၀မ်းနည်းဖွယ် ဖြစ်ရ၏။ ခရီးသွားရင်း ကိုယ်တွင်း၌ ပူလောင်လာသည်။ ထိုအပူသည် တိုး၍ ၊တိုး၍ လာကာ အော်ဟစ် လူးလှိမ့်ရင်း ကံကုန်ခဲ့သည်။ကံကုန်ခဲ့၍ သူ၏ အလောင်းကောင်ကြီးကိုကား ပစ်ထားခဲ့ရပြီ။ သို့သော် သူသည်ကား ဆင်းရဲမှု မအေးသေး။ သေသည်၏ အခြားမဲ့၌ အ၀ီစိငရဲကြီး၌ ကျခဲ့ရသည်။ အ၀ီစိငရဲကြီးမှ လွတ်လာပြန်သောအခါ ပြိတ္တာဘ၀ဖြင့် နှစ်ပေါင်းများစွာ မစားရ၊မသောက်ရ ဒုက္ခကြုံခဲ့ရ၏။ ပြိတ္တာဘ၀မှ ကျွတ်ပြန်သောအခါ ကုဏ္ဍီးရွာအနီး တံငါရွာ၌ တံငါသည်၏ သား ဖြစ်လာ၏။ ထိုဘ၀တွင် လွန်ခဲ့သောဘ၀ကို သိနိုင်သော “ဇာတိဿရဉာဏ်” ဖြစ်ပေါ်လာ၍ နောက်ကြောင်းကို သိမြင်သောကြောင့် အခြား တံငါများကဲ့သို့ ငါးများကို မသတ်ရက်ပါချေ။ ထို့ကြောင့် တံငါရွာမှ အမောင်းအထုတ်ခံရသဖြင့် သာဏ၀ါသီတောင်၌ သီတင်းသုံးနေသော ရှင်အာနန္ဒာထံသို့ ရောက်လာ၏။အရှင်အာနန္ဒာက မေးမြန်း စုံစမ်းတော်မူပြီး၊ သနားသောကြောင့် ရဟန်းဝတ်ပေးလိုက်သဖြင့် ရဟန္တာဘ၀ဖြင့် ကျွတ်တမ်းဝင်တော်မူရလေသည်။ ထိုအရှင်သည် နောင်သောအခါ အရှင်အာနန္ဒာ သီတင်းသုံးသွား၍ မိမိသာမဏေအဖြစ် ရဟန်းအဖြစ်သို့ ရောက်သော ထိုသာဏတောင်၌ အမြဲသီတင်းသုံး နေထိုင်တော်မူသောကြောင့် “သာဏာဝါသီမထေရ်” ဟု အများက သိကြသည်။ ဤအကြောင်းကို သာဏ၀ါသီမထေရ်က ဇာတိဿရဉာဏ်ဖြင့် သိ၍ ဟောပြတော်မူခဲ့သောကြောင့် ဗုဒ္ဓဘာသာဝင်အများ သိကြရပါသည်။ ►“မာန” ဟူသည် သံသရာကို ချဲ့ထွင်တတ်သော (တဏှာ၊ မာန၊ ဒိဋ္ဌိ) ပပဉ္စတရား သုံးပါး၌ ပါဝင်၍ ကြီးမားသော အကုသိုလ်စေတသိက် ဖြစ်ပါသည်။ သို့ရာတွင် မိမိ၌ စွဲကပ်နေသော မာနမူကား “အကုသိုလ်” မှန်း မသိတတ်ကြပါ။အကုသိုလ်မှန်း မသိကြ၍ ထိုမာနကိုပင်လျှင် ကြီးသည်ထက် ကြီးပွားအောင် မွေးမြူတတ်ကြပါသေးသည်။ အမှန်သော်ကား မာနသည် မိမိကိုယ်ကို မိမိ အထင်ကြီး ဘ၀င်မြင့်နေခြင်းမျှဖြစ်၍ မိမိအတွက်လည်းအကျိုးမရှိ။ လူများကလည်း မာနရှင်ကို မုန်းကြသည်။ ကွယ်လွန်သောအခါလည်း မာနကြောင့် အပါယ်သို့ ကျရောက်တတ်ပါသည်။ ထိုမျှ အပြစ်ကြီးမားသော မာနကို သိအောင် ကြိုးစား ဖမ်းဆီး၍ မိမိ ခန္ဓာကိုယ်အတွင်း မ၀င်ရောက်လာစေရန် ကြီးစွာသော သတိတရားဖြင့် ရှောင်ရှားသင့်ကြပါသတည်း။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist's Association】 Posted by www.facebook.com/youngbuddhistassociation.mm -【နိုင်ငံတော်သြဝါဒါစရိယ၊မြန်မာစာသြဝါဒါစရိယ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ထီးချိုင့်မြို့- တည်တောဆရာတော်ဘုရားကြီး ၏ “ဓမ္မစာပန်းချီ” နှာ၁၀၂-၁၀၈ မှ-ကူးယူပူဇော်မျှဝေပါသည်။】 —

Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

အသိဥာဏ်ဖြင့် ဘ၀ကို တည်ဆောက်ပါ။

အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

 

Copyright @ 2013 အရှင်တေဇိန္ဒ ဒိုက်ဦး.