ထူးဆန်းတာကတော့ အမှန်အကန်ပဲ။
လူသာမန်တွေမှာ သားသမီး(၁၄)ယောက်ရှိတာ
ခပ်ရှားရှား။ဂန္ထဝင်မှာ စံတင်လောက် ကျော်ကြားပြီး
သားသမီးပေါများတဲ့ ပုဗ္ဗာရုံ ကျောင်းဒကာမကြီး
ဝိသာခါကတော့ သား(၁၀)ယောက်၊
သမီး(၁၀)ယောက်ထိအောင် ဖွားမြောက်ခဲ့ပေသပေါ့။
ယနေ့ခေတ်မှာလည်း သားသမီးတွေ အားကြီးမွေးတဲ့
ရှင်မွေးလွန်းတွေကို ထူးထူးခြားခြား ဖတ်ရပါတယ်။
ခေတ်မီတယ်လို့ ဆိုကြတဲ့ အိမ်ထောင်စု တွေကတော့
သားသမီးများ အများကြီး မယူကြတော့ပါဘူး။
ကန့်သတ်ချက် ထားကြတော့တယ်။
လူဦးရေ များလွန်းတဲ့ နိုင်ငံကြီး တချို့မှာလည်း
မိသားတစ်စုမှာ သားသမီးယူဖို့ ကန့်သတ်ချက်
ပေးထားကြတယ်လေ။ ထားပါတော့။
ဗုဒ္ဓဘုရားရှင် လက်ထက်တော်က အဖြစ်အပျက် တစ်ခုပါ။
ထိုစဉ်က ဗုဒ္ဓဘုရားဟာ သာဝတ္ထိပြည်မွန်၊ ဇေတဝန်
ရွှေကျောင်းတော်မှာ သီတင်းသုံးနေပါတယ်။
သာဝတ္ထိမြို့က ဓမ္မိက ဆိုတဲ့ ဒါယကာကြီးဟာ စေတနာ
သဒ္ဓါတရား အလွန်ကောင်းသူ ဖြစ်တယ်။
ရတနာသုံးပါးကိုလည်း အထူးကိုင်းရှိုင်းတယ်။
သူ့အိမ်မှာ ဘုရားအမှူးရှိတဲ့ ရဟန်းသံဃာတွေကို
ဆွမ်းကပ်လှူခြင်း၊သင်္ကန်းလှူခြင်း စတဲ့ အလှူဒါနမျိုးစုံ
ပြုလုပ်လေ့ ရှိပါတယ်။ခါးဝတ်ပုဆိုးလို မြဲမြံရမယ့် ငါးပါးသီလ
အပြင် ရှစ်ပါးသီလကိုလည်း ဥပုသ်နေ့တိုင်း
စောင့်ထိန်းလေ့ရှိပါတယ်။
ဒါနပြု၊ သီလ ဆောက်တည်ရုံမျှမက တရားဘာဝနာကိုလည်း
အခါအားလျော်စွာ ပွားများ ရှုမှတ်လေ့ရှိသူ ဖြစ်ပေတယ်။
ဓမ္မိကကို မြန်မာပြန်ရင် တရားရှိသူ တရားရှင်ပေါ့။
ဦးဓမ္မိကမှာ သား(၇)ယောက်၊ သမီး(၇)ယောက် ထွန်းကားတယ်။
သူ့ရဲ့ ဇနီးအိမ်ရှင်မကြီးနဲ့အတူ သားတွေ, သမီးတွေကလည်း
အလှူဒါန ပြုကြ သူငါ ဝါသနာ ပါကြပါတယ်။
အလှူရေစက် လက်နဲ့မကွာ ဆောင်ရွက်လေ့ ရှိကြသူတွေပါ။
ဒီနေရာမှာ သားသမီး အမျိုးအစား (၃)ပါးရှိကြောင်း
မှတ်သားသင့်ပါတယ်။
(၁) အနုဇာတသား - မိဘနှင့်အတူ မိဘရဲ့
အမူအကျင့် တန်းတူရှိတဲ့ သားသမီး၊
(၂) အတိဇာတသား - မိဘနှစ်ပါးထက် ဒါနအား၊
သီလအား၊ ဘာဝနာအား၊ ပညာအား ပိုမို
သာလွန်ကောင်းမွန်တဲ့ သားသမီး၊
(၃) အဝဇာတသား - မိဘတွေက ရတနာသုံးပါး
ဆည်းကပ်ကိုးကွယ်သူတွေ ဖြစ်ကြသော်လည်း
သားသမီးများကတော့ မနာယူ၊ မလိုက်နာကြမူဘဲ
မိဘ အဆင့်အတန်းအောက် နိမ့်ကျတဲ့ သားသမီးမျိုး
ဆိုပြီးတော့ (၃)ပါး ရှိပါတယ်။
အသက်အရွယ် ရလာတဲ့ ဦးဓမ္မိကဟာ တစ်နေ့သောအခါမှာ
မကျန်းမမာ ဖြစ်လာပါတယ်။ စားမဝင် အိပ်မပျော်ဖြစ်ကာ
အိပ်ရာထဲမှာ ဗုန်းဗုန်းလဲပါတော့တယ်။
ဒီအချိန်မျိုးမှာ သူဟာ တရားနာချင်နေပါတယ်။
ဖခင်ဆန္ဒ ပြည့်ဝအောင် သားသမီးများက ရဟန်းငါးပါးကို
အိမ်သို့ ပင့်ဆောင်ပြီး မဟာသတိပဋ္ဌာန်တရား နာကြားစေပါတယ်။
ဒီနေရာမှာလည်း သတိထားစရာ တစ်ချက်ရှိပါတယ်။
မမာမကျန်း အသည်းအသန် ဖြစ်ကြတဲ့ အခါမှာ
လူမမာအတွက်ဆိုကာ တရားစာရွတ်ပေးခြင်း၊
တရားတိပ်ခွေများ ဖွင့်ပေးခြင်း စတာတွေကို ပြုလေ့
ရှိကြပါတယ်။ လူမမာက ဆန္ဒရှိလို့ လုပ်ပေးရတာ
ကောင်းပါတယ်။ လူမမာက တရားနာချင်မှန်း မသိ၊
မနာချင်မှန်း မသိ တရားခွေတွေ ဖွင့်တာ၊
တရားစာတွေ ဖတ်တာမျိုးကို အထူး သတိထားကာ
ဆောင်ရွက်သင့်ပါတယ်။ တချို့လူနာတွေက နဂို မူလကမှ
တရားကို စိတ်မဝင်စား၊ တရားနာကြားတဲ့ ဓလေ့ဝါသနာ
မပါသူဆိုရင် အနှောင့်အယှက်ပင် ဖြစ်တတ်ပါသေးတယ်။
ဘယ်လို အနှောင့်အယှက်လဲဆိုတော့ ငါ သေတော့မှာမို့
တရားချနေပြီလို့ ထင်တတ်ကြတယ်လေ။
အဲဒီ အထင်တွေနဲ့အတူ စိတ်ဓာတ်ကျပြီး
အားလျော့အားပျော့ကာ မြန်မြန် သေသွားတာမျိုးတွေ
ရှိပေတယ်။ သတိထားစရာ ထည့်ပြောရတာပါ။
ဟောဒီ လူမမာ ဦးဓမ္မိက ကတော့ သူကိုယ်တိုင်ကကို
ကျန်းမာစဉ်က အလေ့ဝါသနာ ရှိတဲ့အတိုင်း
မကျန်းမမာ ဖြစ်တဲ့အခါ တရား နာချင်တာပါ။
ရဟန်းတို့... သတ္တဝါတို့အား ကိလေသာ တရားများ
စင်ကြယ်ဖို့ရာ စိုးရိမ်ခြင်း၊ ပူဆွေးခြင်းတွေ ကျော်လွှား
ကင်းဝေးဖို့ရာ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်းတွေ
ချုပ်ငြိမ်းဖို့ရာ၊ မဂ်ဖိုလ်တရားများ ရရှိဖို့ရာ၊ နိဗ္ဗာန်ချမ်းသာ
မျက်မှောက်ပြုနိုင်ဖို့ရာ တစ်ကြောင်းတည်းသော
လမ်းစဉ်တရားကတော့ သတိပဋ္ဌာန်တရား လေးပါးပင်ဖြစ်၏။
ရဟန်းတွေဟာ လူမမာ ဦးဓမ္မိကရဲ့ ခုတင် ညောင်စောင်း
နံဘေးက နေကာ ဖော်ပြပါ မဟာသတိပဋ္ဌာန သုတ္တန်ကို
ရွတ်ဆို ပေးတော်မူနေကြပါတယ်။
မကြာပါ။ ထူးခြား ဆန်းကြယ်တဲ့ ဖြစ်ရပ်တွေ
ပေါ်လာပါတော့တယ်။ အဲဒါကတော့ နတ်ပြည်(၆)ထပ်က
နတ်ရထား(၆)စီး နတ်သား အပြည့်အစုံနဲ့ ကောင်းကင်ဘုံမှ
ရောက်ရှိ လာခြင်းပါပဲ။ နတ်ပြည်(၆)ထပ်ဆိုတော့
အောက်မှအထက် အစဉ်အတိုင်း မှတ်သားချင်ရင်...
(၁)။စတုမဟာရာဇ်နတ်ပြည် - စတုမဟာရာဇ်နတ်မင်းကြီး
(၄)ပါးနေထိုင်ရာ၊
(၂)။တာဝတိံသာနတ်ပြည် - သိကြားမင်းကြီး ဦးမာဃ
စံမြန်းရာဘုံ၊
(၃)။ယာမာနတ်ပြည် - ယာမာနတ်များ နေထိုင်ရာ၊
(၄)။တုသိတာနတ်ပြည် - ဘုရားအလောင်းနတ်သား၊
မယ်တော် နတ်သားများနေရာ၊
(၅)။နိမ္မာရတိနတ်ပြည် - ဖန်ဆင်းပြီး မွေ့လျော်ကြရာ၊
(၆)။ပရနိမ္မိတ ဝသဝတ္တီနတ်ပြည် -
မာရ်နတ်မင်းကြီးစံရာ တို့ပဲဖြစ်တယ်။
ဒီနတ်ရထားနဲ့ နတ်သားတွေကို ဦးဓမ္မိကမှတစ်ပါး
ဘယ်သူမှ မမြင်ကြပါဘူး။ ဦးဓမ္မိကဟာ အိပ်ရာပေါ်မှာ
လဲလျောင်းရင်းက နတ်သားများအား “နေကြပါဦး၊
တရားပြီးအောင် ဆိုင်းငံ့ကြပါဦး” ဆိုတဲ့ သဘောနဲ့
လက်ကာပြလိုက်ပါတယ်။ ဦးဓမ္မိက လက်ကာပြတာကို
ရဟန်းတော်တွေရော၊ သားသမီးတွေပါ အဓိပ္ပါယ်
အယူအကောက် လွဲကြတယ်လေ။
သတိပဋ္ဌာန်တရား ရွတ်ပွားနေတဲ့ ရဟန်းတွေကလည်း
“ဟော... ဒကာကြီးက လက်ကာပြနေပြီ၊
တော်ကြစို့၊ ရပ်နားကြစို့” လို့ မိန့်ဆိုကာ
ပြန်ကြွသွားကြလေပြီ။
ဦးဓမ္မိက လက်ကာပြမည်ဆိုလည်း ပြလောက်သည်။
နတ်ပြည်ခြောက်ထပ်မှ ရောက်လာသော နတ်ရထား
ခြောက်စီးပေါ်မှ နတ်သားတို့သည် “ကျွန်ုပ်တို့
နတ်ရထားပေါ်သို့ တက်ကာ ကျွန်ုပ်တို့ နတ်ပြည်မှာ
ပျော်မွေ့စွာ နတ်စည်းစိမ် ခံစားပါလော့”
ဟု အသော့ အလျင် ခေါ်ငင်နေကြဘိသည်။
ဦးဓမ္မိကတော့ တရားရှင်ကြီးပီပီ တရားဓမ္မ
နာကြားနေသည်ကို ပျော်မွေ့တုန်းဖြစ်ပါ၏။
တရားနာမှုအတွက် အနှောင့်အယှက်ဖြစ်မည်စိုး၍
“ဆိုင်းငံ့ ထားကြပါဦး”ဟု လက်ကာပြလျက်
တားဆီးနေခြင်းဖြစ်သည်။
ဦးဓမ္မိကသည် ချက်ချင်းပင် တရားသံတိတ်သွားရုံမျှမက။
သားသမီးများ ငိုယိုသံတွေကိုပါ ကြားလိုက်ရသဖြင့်
လန့်ဖျပ်သွား၏။
“ဟဲ့... သားတို့ သမီးတို့ ဘာဖြစ်လို့ ငိုနေကြတာတုံး။
ရဟန်းတော်တွေလည်း မတွေ့ရပါလား”
“အဖေပဲ ရပ်နားဖို့ လက်ကာပြလိုက်လို့
အရှင်မြတ်တွေက တရားကို ရပ်ဆိုင်းကာ
ကျောင်းပြန်ကြွသွားကြပြီ။ အဖေ သတိလစ်မေ့မြောပြီး
ကယောင်ကတမ်းတွေ ဖြစ်နေပြီ ထင်ပြီး ငိုကြတာပေါ့”
“အိုကွယ်... မဟုတ်တာ။ ဖေဖေက ဖေဖေ့ကို
လာခေါ်နေကြတဲ့ နတ်သားတွေကို ဆိုင်းငံ့ကြပါဦး
ဆိုပြီး လက်ကာပြတာ။ ရဟန်းသံဃာတွေကို
တားမြစ်တာ မဟုတ်ဘူး”
“ဖေဖေကတော့ ကယောင်ကတမ်း
လျှောက်ပြောနေပြန်ပြီ ဘယ်မှာလဲ နတ်သားတွေ။
သမီးတို့ မမြင် မတွေ့ပါဘူး”
“ကိုင်း... ဒီလိုဆိုရင် သားတို့ သမီးတို့ကို ဖေဖေ
လက်တွေ့ပြမယ်။ နတ်ပြည် ခြောက်ထပ်ရှိတဲ့အနက်
ဘယ်နတ်ပြည်ဟာ အကောင်းဆုံးလဲ”
“ဘုရားလောင်း နတ်သားတွေ စံမြန်းလေ့ရှိတဲ့
တုသိတာနတ်ပြည်ဟာ အကောင်းဆုံး၊ အမြတ်ဆုံးလို့
ဆိုကြတာပဲ ဖေဖေရဲ့”
“ကောင်းပြီ။ ဒီလိုဆိုရင် ဖေဖေ့အတွက် ကြိုတင်
စီစဉ်ထားတဲ့ ပန်းကုံးရှိတယ် မဟုတ်လား။
အဲဒီပန်းကုံးကိုယူပြီး သမီးတို့ ရောက်စေချင်တဲ့၊
ဖေဖေလည်း သဘောကျတဲ့ တုတိတာနတ်ပြည်က
လာတဲ့ နတ်ရထားမှာ ချိတ်စွပ်နေပါစေသားလို့
အဓိဋ္ဌာန်ပြုပြီး ပန်းကုံးကို ကောင်းကင်ကို
ပစ်တင်လိုက်ပေတော့”
သားသမီးတွေဟာ ပန်းကုံးကြီးကို ယူပြီး သူတို့
ဖခင်ပြောတဲ့အတိုင်း အဓိဋ္ဌာန်ပြုကာ ကောင်းကင်သို့
ပစ်တင်လိုက်ရာ ပန်းကုံးမှာ ကောင်းကင်တွင်
အတွယ်အတာမဲ့ ချိတ်ဆွဲနေရုံမျှမက ရှေ့နောက်ဟိုသည်
ရွေ့လျားလျက်ပင် ရှိနေပါတော့တယ်။
နတ်ရထားတွေနဲ့ နတ်သားတွေကိုတော့ သူတို့ မမြင်ကြရပါ။
နတ်သား၊ နတ်သမီးတွေဟာ အများအားဖြင့်
သူတို့ကို လူသားတွေအား မြင်ခွင့် ပေးလေ့ မရှိကြပါဘူး။
ဒီအခါကျမှ ဦးဓမ္မိကရဲ့သားသမီးတွေဟာ လက်တွေ့
ဖြစ်နေတော့ သူတို့ဖခင် ပြောကြားချက်ကို လက်ခံ
ယုံကြည်သွားကြတယ်။ ဒီဦးဓမ္မိကရဲ့ ပန်းကုံးစွပ်
နတ်ရထားတွေ လူးလာ ရှေ့နောက် လှုပ်ရှားတာကို
ပမာပြုပြီး လူ့ပြည်မှာလည်း ဘတော်ပျံ၊ မယ်တော်ပျံပွဲတွေ
ကျင်းပ ပြုလုပ်ကြတဲ့အခါ အလောင်းတင်ထားတဲ့
ရထားကို ကြိုးတပ်ကာ ရှေ့နောက် အပြန်အလှန်
ဆွဲလေ့ရှိကြတာကို တွေ့ရတယ်။
ယနေ့ခေတ်တော့ သိပ်မတွေ့ရတော့ပါဘူး။
ဦးဓမ္မိကဟာ အသက်အရွယ်ကလည်ကြီး၊
နာတာရှည်ဝေဒနာကို ခံစားရပြီး အားခွန်နည်းကာ
သေဆုံး သွားပါတော့တယ်။ ဦးဓမ္မိက မသေခင်မှာ
သူ့ရဲ့သားသမီးများကို နောက်ဆုံး မှာကြားသွားတဲ့စကားကတော့-
“ဖေဖေ တုသိသာနတ်ပြည်ကို သွားရတော့မယ်။
ဖေဖေနဲ့အတူတူနေချင်ရင်၊ ဖေဖေ့လိုပင် နတ်ပြည်မှာ
နတ်စည်းစိမ် ခံစားချင်ရင် ဖေဖေရှိစဉ်ကလို ဒါန၊ သီလ၊
ဘာဝနာကုသိုလ်များကို နေ့စဉ် ပြုလုပ် အားထုတ်
နေရစ်ကြလော့” လို့ဖြစ်ပါတယ်။
ဦးဓမ္မိကရဲ့ ဖြစ်ရပ်ဖြစ်စဉ်နဲ့ပတ်သက်လို့ ရဟန်းသံဃာ
လောကမှာလည်း ပြောစရာတွေကျန်ခဲ့ပါတယ်။
ဦးဓမ္မိကအိမ်မှာ သတိပဋ္ဌာန်ရွတ်ပြီး ပြန်လာတဲ့
ကိုယ်တော်တွေက အကြောင်းစုံ အကုန်သိသွားကာ
ဗုဒ္ဓမြတ်စွာအား လျှောက်ထားကြတယ်လေ။
ဗုဒ္ဓဘုရားက အောက်ပါ ဂါထာတရားကို
ဟောကြားတော်မူခဲ့ပါတယ်။
ကောင်းမှုပြုသူဟာ ဒီဘဝမှာလည်း ဝမ်းမြောက်
ဝမ်းသာနေရတယ်။ နောင်ဘဝမှာလည်း
ဝမ်းမြောက်ဝမ်းသာ နေရတယ်။ ပစ္စုပ္ပန်နဲ့
တမလွန်ဘဝ နှစ်တန်တို့မှာ ဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဇနိန္ဒသာရ-မုံရွာနေဇာ】
(ဓမ္မပဒ၊ အဋ္ဌကထာ၊ ယမကဝဂ်၊ ဓမ္မိက ဥပါသကာ
ဝတ္ထုကို ခြယ်မှုန်းပါတယ်။)
Posted by►
www.facebook.com/youngbuddhistassociation.mm
0 comments:
Post a Comment
အသိဥာဏ်ဖြင့် ဘ၀ကို တည်ဆောက်ပါ။