အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

Thursday, December 3, 2015

အမိုက်ကောက်နိုင်ငံရေး

အမှိုက်ကောက်နိုင်ငံရေး
********************

#အိမ်တစ်အိမ်မှာလည်း အသုံးမဝင်၊ အသုံးမကျတဲ့
အမှိုက်တွေ ရှိနေတတ်ပါတယ်၊ ကျောင်းတစ်ကျောင်း
မှာလည်း အဲဒီလို အမှိုက်တွေ ရှိနေတတ်ပါတယ်။
မိမိကျောင်းမှာတောင် ခင်မင်မှုနဲ့လက်ခံထားတဲ့
သူတို့ကိုယ်သူတို့ လူတော်လူတတ်ထင်နေတဲ့
အမှိုက်တွေ တစ်ပါးစ၊ နှစ်ပါးစကတော့ ရှိနေတာပါပဲ။
တစ်ပါးက ၄ဝ ကျော်၊ တနင်္လာသား၊ တစ်ပါးက ၅ဝ ကျော်၊
တနင်္ဂနွေသား။ နေရာတိုင်းမှာ လူ့အမှိုက်တွေ
ရှိနိုင်ပါတယ်။ တိုင်းပြည်မှာလည်း ဖျက်မြင်းတွေရော၊
ဘာမှအသုံးမကျတဲ့အမှိုက်တွေရော ပြည့်နေတာပါ။
တိုင်းပြည်တစ်ခု ဆင်းရဲတယ်ဆိုတာ အဲဒီဖျက်မြင်း
တွေနဲ့ လူ့အမှိုက်တွေကြောင့်ပါပဲ#
==========================

လွန်ခဲ့တဲ့ ငါးနှစ်ခြောက်နှစ်လောက်ကတည်းက
စစ်ကိုင်း မြစကြာဆရာတော်နဲ့ စကားပြောတော့
မစကြာဆရာတော်က နိုင်ငံကောင်းဖို့အတွက်
ကိုယ်လက်လှမ်းမှီရာ မိမိတစ်ပိုင်တစ်နိုင်ကစ
ကောင်းအောင်လုပ်ကြဖို့ လိုကြောင်း ပြောတော့
တစ်ပိုင်တစ်နိုင်နိုင်ငံရေးအကြောင်းရေးဖို့ စိတ်ကူး
ပေါ်ခဲ့တယ်။ ဒါပေမဲ့ ရေးတဲ့ဆီထိ မရောက်ဖြစ်ခဲ့ဘူး။

ယခု ပြည်သူရာခိုင်နှုန်း ရှစ်ဆယ်ခန့်က သူတို့
ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်လိုက်တဲ့
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က
သူ့ပါတီက ရွေးချယ်ခံအမတ်လောင်းတွေကို
ကိုယ့်ဆိုင်ရာဒေသတွေမှာ အမှိုက်ကောက်ကြဖို့
NLD နိုင်ငံရေးလုပ်ငန်းကို အမှိုက်ကောက်ခြင်းနဲ့
စတင်လိုက်ပါတယ်။ တစ်ပိုင်တစ်နိုင်နိုင်ငံရေးက
စတယ်ဆိုပါစို့။

ပရေသံ သတဂိရာပိ၊ ပိယေဿကာဝ နဂ္ဃတိ။
ပိယော ပိယဿ ဘာသေယျ၊ ပိယံ ဓမ္မူပသံဟိတံ။
အခြားသူတွေရဲ့ စကားတစ်ခွန်းထက် ချစ်သောသူရဲ့
စကားတစ်ခွန်းက ပိုတန်ဖိုးရှိပါတယ်၊ ပိုထိရောက်ပါ
တယ်။ ချစ်သော သူသည် ချစ်သောသူအား
တရားနည်းလမ်းကျတဲ့ ချစ်ဖွယ်စကားကိုသာ
ပြောဆိုပါတယ်။

ယခု သူတို့ချစ်တဲ့ခေါင်းဆောင်က အမှိုက်ကောက်
ကြလို့ ပြောလိုက်တော့ ဒေသအသီးသီးက သူတို့
ခေါင်းဆောင်ကို ချစ်တဲ့သူတွေဟာ အမှိုက်တွေ
လိုက်ကောက်နေကြပါတယ်။ အမှိုက်လိုက်ကောက်ဖို့
စည်းရုံးနေကြ၊ ပြင်ဆင်နေကြပါတယ်။ ချစ်သောသူရဲ့
စကားတစ်ခွန်းက တန်ဖိုးရှိလိုက်တာ။
တကယ်ဆိုရင် အချစ်ပဲလိုတယ်တဲ့၊ မှန်လိုက်တာ။

ငယ်ငယ်က အမရပူရ မဟာဂန္ဓာရုံမှာ နေခဲ့စဉ်က
မဟာဂန္ဓာရုံစည်းကမ်းဆယ်ချက်မှာ စိတ်ကောင်း
ရှိဖို့က ပထမ၊ ဝိနည်းလေးစားဖို့က ဒုတိယ၊
ကျန်းမာဖို့က တတိယ၊ သန့်ရှင်းဖို့က စတုတ္ထတဲ့။
သန့်ရှင်းရေးဆိုတာ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့
ပတ်ဝန်းကျင်သန့်ရှင်းရေး။ တစ်ကိုယ်ရေသန့်ရှင်း
ရေးကိုလည်း ဂရုစိုက်ရမယ်၊ ပတ်ဝန်းကျင်
သန့်ရှင်းရေးကိုလည်း ဂရုစိုက်ရမယ်။ ဆေးပညာမှာ
ကျန်းမာရေးအတွက် သန့်ရှင်းရေးဟာ အလွန်
အရေးကြီးပါတယ်။ ကျန်းမာရေးကို သန့်ရှင်းရေးနဲ့
စရပါတယ်။

မိမိတို့ မဟာဂန္ဓာရုံမှာ နေခဲ့ရတဲ့ကျေးဇူးက
ငယ်ငယ်ကလည်း သန့်ရှင်းရေးကို ဂရုစိုက်ရတာ
ဆိုတော့ အခုကြီးတော့လည်း သန့်ရှင်းရေးကို
အထူးဂရုစိုက်တတ်တဲ့အကျင့်က စွဲနေပါတယ်၊
ဒါဟာ ကောင်းမွေတစ်ခုပါပဲ။ ဒါပေမဲ့ ဒီကောင်းမွေကို
မယူခဲ့တဲ့ ဂန္ဓာရုံထွက်တွေလည်း အပြင်မှာ
များစွာတွေ့နေရပါတယ်။

သူများ စိတ်ကြည်၊ ကိုယ့်စိတ်ကြည်နှင့်၊
တစ်လီနတ်ချစ်၊ ရောင်လစ်ဆင်းလှ၊
သေကာလမှာ ရောက်ရနတ်ပြည်
ဤငါးထွေ မှတ်လေတံမျက်ကျိုး။
တံမျက်စည်းလှည်းရတဲ့အကျိုး
သို့မဟုတ် သန့်ရှင်းရေးလုပ်ရတဲ့
အကျိုးငါးပါးပါ။ အမှိုက်လှည်း၊ အမှိုက်
ကောက် သန့်ရှင်းရေးလုပ်ခြင်းရဲ့
အကျိုးငါးပါးဆိုလည်း ရတာပေါ့။

အမှိုက်သရိုက်ကင်း သန့်သန့်ရှင်းရှင်းဆိုရင်
ဒီအနား သွားလာသူတွေရဲ့စိတ် ကြည်လင်
ပါတယ်၊ ကိုယ့်စိတ်လည်း ကြည်လင်ပါတယ်၊
နတ်တွေကလည်း ချစ်ပါတယ်၊ ရုပ်ဆင်း
ကြည်လင်လှပပါတယ်၊ ကွယ်လွန်တဲ့အခါ
နတ်ပြည်ရောက်ရပါတယ်။

စွန်တစ်ကောင်ဟာ ဘုရားဝင်းထဲက ကြွက်ကို
ထိုးသုတ်ရာမှာ ကြွက်မပါဘဲနဲ့ မြက်ပင်တွေသာ
ပါသွားပါသတဲ့။ အဲဒီစွန်ဟာ သေတဲ့အခါ
နတ်ပြည်ရောက်ရပါသတဲ့။ အဘိုးကြီးတစ်ယောက်
ဘုရားဝင်းထဲမှာ မြက်နုတ်အမှိုက်ရှင်းနေရာ
နတ်ပြည်က နတ်သမီးတွေက လာအားပေးကြသတဲ့၊
အဘိုးကြီးကလည်း အားတက်သရော ပိုကြိုးစား
အားစိုက်ပြီး မြက်တွေနှုတ်သတဲ့။ ထိုအဘိုးကြီး
ကွယ်လွန်တဲ့အခါ လာအားပေးတဲ့နတ်သမီး
တွေထက် ပိုတစ်ဆင့်မြင့်တဲ့ နတ်ပြည်ကို
ရောက်သွားရလေသတဲ့။

အမှိုက်ကိစ္စက ရှေ့ကရှင်း၊ နောက်က ရှုပ်ဆိုရင်တော့
အမှိုက်ရှုပ်တဲ့သံသရာက လည်နေမှာပါပဲ။ အမှိုက်စွန့်
တဲ့စနစ်၊ အမှိုက်သိမ်းတဲ့စနစ် ကောင်းမွန်ဖို့၊ စည်းကမ်း
ရှိဖို့၊ ပညာပေးဟောပြောဖို့၊ စည်းရုံးဖို့၊ ပူးပေါင်း
ဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။ အမှိုက်လိုက်ကောက်
နေရုံသက်သက်နဲ့တော့ အမှိုက်က ရှင်းသွားမှာ
မဟုတ်ပါဘူး။ တင်းတင်းကြပ်ကြပ်စည်းကမ်းလည်း
လိုပါတယ်။ ဒါက အာဏာစက်ပေါ့။ နောက်
ချစ်သောသူရဲ့စကားတစ်ခွန်းလည်း လိုပါတယ်။
ဒါက ဓမ္မစက်ပေါ့။ ချစ်သောသူရဲ့စကားတစ်ခွန်း
ဆိုတာ အင်မတန်တန်ဖိုးကြီးပါတယ်။

အမှိုက်ရဲ့ သဘောသဘာဝကို စဉ်းစားကြည့်မိပါတယ်။
အမှိုက်ဆိုတာ ဘာလဲ။ အသုံးမဝင်တာ အမှိုက်၊ အသုံး
ဝင်တာ ပစ္စည်းပဲ။ အပင်တွေက ကြွေကျတဲ့သစ်ရွက်ဟာ
သဘာဝအမှိုက်၊ လူတွေက အသုံးမဝင်တော့လို့ စွန့်ပစ်
လိုက်တာလည်း အမှိုက်။ အသုံးမကျတာ အမှိုက်၊
အသုံးကျတာ ပစ္စည်း။ အမှိုက်ဆိုတာဟာ အသုံးမကျတဲ့
အရာဝတ္ထုပဲ။ အသုံးကျနေသေးရင်တော့ ပစ္စည်းပဲ။

ဆရာကြီးဦးအောင်သင်းကတော့ နေရာမှားရောက်နေတဲ့
အရာဟာလည်း အမှိုက်ပါပဲတဲ့။ မီးဖိုခန်းကပစ္စည်းက
ဘုရားခန်းရောက်နေရင်၊ ခေါင်းပေါ်ကဆံပင်က
ထမင်းပန်းကန်ထဲရောက်နေရင် ဒါ အမှိုက်ပါပဲတဲ့။ ယခု
ခေတ်စားနေတဲ့ မိုးကျရွှေကိုယ်တွေပေါ့။ ဒါတွေဟာ
နေရာမှားရောက်လာတာဆိုရင်တော့ အမှိုက်တွေပဲ။
လူမှန်နေရာမှန်မဖြစ်တာ၊ နေရာက မှန်နေပါလျက်
လူမှားရောက်လာရင် ဒါ အမှိုက်ပဲ။

လူဆိုတာ လူ့ဘောင်လူ့လောက လူ့ပတ်ဝန်းကျင်အတွက်
ပထမ ဖျက်မြင်းမဖြစ်ရဘူး၊ ဒုတိယ အသုံးဝင်သူ၊ အသုံးကျသူ
ဖြစ်ရမယ်။ လူနဲ့ လူ့ဝန်းကျင်ကို ဒုက္ခပေးတဲ့လူ၊ အနှောင့်
အယှက်ပေးတဲ့လူ၊ မိသားစုကို၊ ရပ်ရွာကို၊ တိုင်းပြည်ကို
ဒုက္ခပေးတဲ့လူ၊ အနှောင့်အယှက်ပေးတဲ့လူ၊ ပြုသလိုလိုနဲ့
ဖျက်တဲ့သူဟာ ဖျက်မြင်းပါပဲ။ သင်ဟာ ပထမ ဖျက်မြင်း
မဖြစ်ပါစေနဲ့။

ဒုတိယ ပတ်ဝန်းကျင်ကလူတွေအတွက် အသုံးဝင်သူ၊
အသုံးကျသူ၊ ကူညီသူ၊ အကူအညီပေးသူဖြစ်ရပါမယ်။
သင်ဟာ နေရာဌာနတစ်ခုခုမှာ ရောက်နေပါတယ်၊
ထိုနေရာအတွက် သင်ဟာ ဘာမှအသုံးမဝင် အသုံး
မကျဘူး၊ ကောင်းကျိုးတစ်ခုခု မပြုနိုင်ဘူးဆိုရင် သင်
အမှိုက်ဖြစ်နေပြီဆိုတာ မှတ်လိုက်ပါ။ သင်ဟာ အခြား
နေရာတွေမှာ ဘယ်လောက်တော်တော်၊ ဘယ်လောက်
ထက်ထက် လက်ရှိနေရာအတွက် ကျေးဇူးတစ်ခုခု
မပြုနိုင်ဘူးဆိုရင်တော့ သင်ဟာ အမှိုက်ပါပဲ။

အိမ်တစ်အိမ်မှာလည်း အသုံးမဝင်၊ အသုံးမကျတဲ့
အမှိုက်တွေ ရှိနေတတ်ပါတယ်၊ ကျောင်းတစ်ကျောင်း
မှာလည်း အဲဒီလို အမှိုက်တွေ ရှိနေတတ်ပါတယ်။
မိမိကျောင်းမှာတောင် ခင်မင်မှုနဲ့လက်ခံထားတဲ့
သူတို့ကိုယ်သူတို့ လူတော်လူတတ်ထင်နေတဲ့
အမှိုက်တွေ တစ်ပါးစ၊ နှစ်ပါးစကတော့ ရှိနေတာပါပဲ။
တစ်ပါးက ၄ဝ ကျော်၊ တနင်္လာသား၊ တစ်ပါးက ၅ဝ ကျော်၊
တနင်္ဂနွေသား။ နေရာတိုင်းမှာ လူ့အမှိုက်တွေ
ရှိနိုင်ပါတယ်။ တိုင်းပြည်မှာလည်း ဖျက်မြင်းတွေရော၊
ဘာမှအသုံးမကျတဲ့အမှိုက်တွေရော ပြည့်နေတာပါ။
တိုင်းပြည်တစ်ခု ဆင်းရဲတယ်ဆိုတာ အဲဒီဖျက်မြင်း
တွေနဲ့ လူ့အမှိုက်တွေကြောင့်ပါပဲ။

ဆိုရိုးတစ်ခုက အမှိုက်ကစ ပြသာဒ်မီးလောင်တဲ့၊
ဒါက ပြဿနာအရှုပ်အရှင်း မကောင်းတဲ့ဘက်က
ပြောတာပါ။ အခုဟာ က ကောင်းတဲ့ဘက်က
ကြည့်ရမှာပါ။ အမှိုက်က စရှင်းတာ၊ နောက်ဆုံး
ပြသာဒ် သို့မဟုတ် နန်းတော်အထိ ရှင်းသွားမှာပါ။
သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအစိုးရ
ဆိုတဲ့ဆီထိပေါ့။

အမှိုက်ကောက်နိုင်ငံရေး အဓိပ္ပာယ်ရှိပါတယ်။
အစကောင်းပါတယ်။ အောင်အတိတ်နဲ့
အောင်နိမိတ်ပါပဲ။ ပထမ လုပ်ရမှာက အမှိုက်တွေ
ရှင်းသွားဖို့ပါပဲ။ အမှိုက်သရိုက်တွေ ရှင်းသွားရင်
တော့ ဒီအပေါ်မှာ သီးပင်စားပင်တွေ စိုက်မှာလား၊
ပန်းအလှတွေ စိုက်မှာလား၊ သစ်ကောင်းဝါးကောင်း
တွေ စိုက်မှာလား၊ အဆောက်အဦးကောင်းကောင်း
တွေ ဆောက်မှာလား၊ လိုရာကို အသုံးပြုလို့ရပါပြီ။ ။

 အရှင်သံဝရာလင်္ကာရ
 ဓမ္မပိယဆရာတော်
  (၃.၁၂.၂ဝ၁၅)

Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

အသိဥာဏ်ဖြင့် ဘ၀ကို တည်ဆောက်ပါ။

အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

 

Copyright @ 2013 အရှင်တေဇိန္ဒ ဒိုက်ဦး.