ရွာတစ်ရွာရဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ မျောက်ကလေးတစ်ကောင်
ရှိပါတယ်။ သူ့အမည်ကို နီတိုးလို့ ပေးထားသတဲ့။
တစ်နေ့တော့ နီတိုးဟာ ကျောင်းဝင်းထဲ ဟိုဟိုဒီဒီလျှောက်သွားရင်း
အုန်းပင်တစ်ပင်အောက်ကို ရောက်သွားတယ်။ တိုက်တိုက်ဆိုင်ဆိုင်
အုန်းပင်ပေါ်က အုန်းသီးတစ်လုံး မြေကြီးပေါ် ကြွေကျလာပါတယ်။
အုန်းသီးကို မြင်ရတော့ မျောက်ကလေးမောင်နီတိုး ဝမ်းသာလိုက်တာ။
အုန်းသီးလို့ မခေါ်တတ်ပေမယ့် စားစရာ အသီးတစ်လုံးလို့တော့
နားလည်ဟန်တူပါရဲ့။
ဒါနဲ့ အုန်းသီးကို ကွယ်ရာတစ်နေရာကို ယူသွားပြီး စားဖို့ ခွဲပါတယ်။
လက်သီးနဲ့ အချက်ပေါင်းများစွာ ထိုးပြီး ခွဲလိုက်တာ လက်သီးတွေသာ
နာလာတယ် မကွဲဘူး။ ခြေထောက်နဲ့ ကန်ခွဲ၊ နင်းခွဲတော့လည်း မကွဲဘူး၊
မြေကြီးပေါ် ဆောင့်ခွဲတော့လည်း မကွဲဘူး။ ခေါင်းပေါ်တင်လိုက်၊
အောက်ချလိုက်နဲ့ ခွဲလိုက်တာ ဘယ်လိုမှ ခွဲလို့ မရဘူး။
ဒီတော့ ပြုံးပန်းပွင့်ပြီး ဝမ်းသာနေတဲ့ မျောက်ကလေး မောင်နီတိုးဟာ
မျက်နှာနီရဲပြီး စိတ်ဆိုးလာတယ်။ ``ငါက စားများ စားရမလားမှတ်တယ်၊
ခွဲလို့လည်း မရဘူးတဲ့။ ဒီလောက် ခွဲလို့မရတဲ့ အသီး အလကားပါ´´ဆိုပြီးတော့
လွှင့်ပစ်လိုက်တယ်။ မခွဲတတ်လို့သာ လွှင့်ပစ်လိုက်ရတယ်၊ နှမြောလိုက်တာ
တော့ လွန်လို့ပဲ။ ဒါကြောင့် ညှိုးငယ်စွာနဲ့ပဲ မှိုင်ပြီး ထိုင်နေသတဲ့။
တစ်နေရာမှာ ကစားနေတဲ့ ကျောင်းသားကလေး မောင်ရွှေရိုးက
နီတိုးလွှင့်ပစ်လိုက်တဲ့ အုန်းသီးကိုမြင်တော့ ``နီတိုး မင်း အုန်းသီးကိုတောင်
ကွဲအောင်မခွဲနိုင်ဘူး။ အတော် အ,တာပဲ´´လို့ အပြစ်တင်လိုက်တယ်။
``မင်း မခွဲတတ်ရင်လည်း ငါပဲ ခွဲစားရမှာပေါ့´´လို့ ဆိုပြီး ကျောင်းပေါ်တက်
ဓားယူကာ အုန်းသီးကို ခွဲပါတယ်။
သူက အုန်းသီးလို့လည်း ခေါ်တတ်တယ်။ စားကောင်းတဲ့ အသီးလို့လည်း
သိထားတယ်။ ဒါပေမယ့် ဘာကို စားရမယ်ဆိုတာကိုတော့
နားမလည်ပါဘူး။ ဒါနဲ့ လူလည်လုပ်ပြီး အုန်းသီးကိုခွဲတော့ အပေါ်အခွံစိမ်းကို
ခွဲလိုက်တဲ့အခါ အုန်းမျှင်တွေကို တွေ့ရတယ်။ အုန်းမျှင်တွေကို
ဆွဲခွာလိုက်တဲ့အခါ ခွံမားကြီးကို သွားတွေ့ရတော့ ``ဟယ်.. အုန်းသီးကလည်း
အစေ့ တယ်ကြီးပါလား´´တဲ့။
ခွံမာကို ဆက်ခွဲရင် စားစရာအနှစ် တွေ့မယ်ဆိုတာ နားမလည်ရှာတော့
ပစ်ရမယ့်အစေ့ကြီး မှတ်ပြီး လွှင့်ပစ်လိုက်ပါရော။ သူ့လက်ထဲမှာ အုန်းမျှင်တွေပဲ
ကျန်တော့တယ်။ ``ဟယ်.. အုန်းသီးကလည်း စားစရာ မရှိပါတကား။
ရှိရှိ, မရှိရှိလေ အပင်ပန်းခံပြီး ခွဲထားမှတော့ ရှိတာကိုပဲ စားရမှာပဲ´´ဆိုပြီး
အုန်းမျှင်တွေကို ဝါးစားပါတော့တယ်။
သွားနဲ့ ကြိတ်မှိတ်ဆွဲပြီးဝါးတော့ ဝါးလို့လည်း မရ၊ မျိုလို့လည်း မကျ။
ကြိတ်မှိတ်ဝါးပြီး မျိုချတော့လည်း ကောင်းတဲ့အရသာ ဘာမျှမရှိ။
ဖန်တွန့် ဖန်တွန့်နဲ့ ``ဝါးလို့ရရ မရရ၊ အရသာရှိရှိ မရှိရှိ၊ ကြိုးကြိုးစားစား
ခွဲထားမှတော့ ရှိတာကိုပဲ ပေတေပြီး စားရမှာပဲ´´ဆိုပြီး မျက်နှာရှုံ့မဲ့ရှုံ့မဲ့နဲ့
ရွှေရိုး အုန်းမျှင်တွေ ဝါးစားနေတုန်း ဦးပဉ္စင်းတစ်ပါး ရောက်လာတယ်။
``ဟဲ့...ရွှေရိုး၊ မင်းဘာလုပ်နေတာလဲကွ´´
``တပည့်တော် အုန်းသီး စားနေတာဘုရား´´
``ဟယ်... မင်း အုန်သီးစားတာကလည်း ဘယ်လိုဖြစ်နေတာလဲ၊
အုန်းမျှင်တွေချည်း ဝါးလှချည်းလား´´
``ဟုတ်တယ်ဘုရား၊ အုန်းသီးက အစေ့ကြီးတော့ လွှင့်ပစ်လိုက်ရလို့
ရှိတာကိုပဲ စားတော့တာဘုရား´´
``ညံ့လိုက်တာ ရွှေရိုးရယ်။ နေစမ်းပါဦး၊ ဒီအုန်သီးက ဘယ်ကရလာတာလဲ´´
``ဟော.. ဟိုမှာဘုရား၊ နီတိုး အုန်းသီးကို အကြာကြီး ခွဲနေလိုက်တာ။
ဘယ်လိုမှ မခွဲတတ်လို့ လွှင့်ပစ်လိုက်တာ ဘုရား´´
``သူ မခွဲတတ်ရင် တပည့်တော်ပဲ ခွဲစားမယ်ဆိုပြီးတော့ ခွဲစားတာဘုရား´´
``ဟောဟိုမှာဘုရား´´
``သွားယူချေကွ ရွှေရိုးရ။ စားရမှာက အဲဒီအထဲမှာ´´
ရွှေရိုးပြေးသွားပြီး သူ လွှင့်ပစ်လိုက်တဲ့ အုန်းစေ့ကြီးကို ယူလာခဲ့ပါတယ်။
``ကဲ..ကဲ ရွှေရိုး၊ အဲဒီအုန်းစေ့ကြီးကို ခွဲစမ်းကွ။´´
``မာတယ်ဘုရာ့၊ ခွဲလို့ မရဘူး။´´
``မာချင်...မာပါစေ ရွှေရိုး၊ ကြိုးစားသာ ခွဲပါ။´´
``မာတယ်ဘုရာ့၊ မခွဲနိုင်ဘူး´´
``မာပါစေ ရွှေရိုး၊ မင်း ယောက်ျားပဲ ကြိုးစားသာ ခွဲစမ်းပါ´´
အဲဒီလို ဦးပဉ္စင်းက အတန်တန်အားပေးပြီး အခွဲခိုင်းတော့ ရွှေရိုးဟာ
အခွံမာကို ကြိုးစားခွဲလိုက်တဲ့အခါ စားစရာ အနှစ်ကို တွေ့သွားတယ်။
ဘာဆိုလိုတာလဲဆိုတော့ မိမိတို့တစ်တွေဟာ အတိတ်ကုသိုလ်ကံဆိုတဲ့
အုန်းပင်ပေါ်က ကြွေကျလာတဲ့ `လူ့ဘ၀ အုန်းသီးကြီး´တစ်လုံးတော့
ရနေကြပါပြီ။
အုန်းသီးလို့တောင် မခေါ်တတ်၊ အုန်းမျှင်အကာတွေ့အောင်တောင်
မခွဲတတ်တဲ့ မျောက်ကလေး မောင်နီတိုးလို ကိုယ့်ဘဝအကြောင်း
နားမလည်သူတွေ၊ မကောင်းမှု၌ အချိန်ကုန်နေသူတွေ၊ ဘဝမလှသူတွေ၊
မျက်မှောက်ဘဝမှာတောင် ချမ်းသာအောင် မနေတတ်သူတွေ၊
နှစ်ဖက်မြင် မရှိသူတွေ၊ လူ့ဘဝ လုံးလုံးရှုံးသူတွေ၊ ညှိုးငယ်စွာနဲ့
လျှောကျသူတွေကလည်း အများကြီးပါ။
နီတိုးဟာ အုန်းသီးကို နှမြောသော်လည်း မခွဲတတ်တော့ လွှင့်ပစ်ရသလိုပဲ။
လူ့ဘဝကို ဘယ်လိုမှ တန်ဖိုးရှိအောင် မသုံးတတ်လို့ အပယ်ခံဘဝကို
ရောက်သူတွေကလည်း မနည်းလှဘူး။
အုန်းသီးကို ခွဲတတ်ပေမယ့် အကာကို အနှစ်ထင်၊ အနှစ်ကို အကာမြင်ပြီး
အကာဖြစ်တဲ့ အုန်းမျှင်တွေကို ရှုံ့မဲ့ရှုံ့မဲ့နဲ့ ကြိတ်မှိတ်ဝါးနေတဲ့ မောင်ရွှေရိုးလို
တစ်ဖက်မြင် ပညာလောက်သာ ရှိထားပြီး အကာတွေနဲ့ အချိန်ကုန်နေသူတွေ
ကလည်း အများကြီးပဲ။
တရားစွမ်းအားကို ရအောင်မယူဖြစ်ဘဲ သံသရာတစ်လျှောက်လုံး
သုံးလာခဲ့တဲ့ အိုစာ၊ နာစာ၊ သေစာဖြစ်တဲ့ တစ်ဘဝကိစ္စ၊ ခန္ဓာဝန်
ထမ်းဆောင်မှုကိစ္စတွေနဲ့ လုံးလည်ချာလည် လိုက်နေသူတွေဟာ
အကာကိုသာ ဝါးနေတဲ့ မောင်ရွှေရိုးနဲ့ တူသူတွေလို့ ဆိုရမှာပဲ။
ဦးပဉ္စင်းက ရွှေရိုးကို အုန်းစေ့ခွံမာကို အခွဲခိုင်းပြီး အနှစ် ထုတ်ခိုင်းသလို
သဒ္ဓါ၊ မေတ္တာ၊ ပညာပြည့်ဝကြတဲ့ ပညာရှိ သူတော်ကောင်းတွေကလည်း
ပစ္စည်းခွံမာကို ခွဲပြီး ဒါနအနှစ် ထုတ်ဖို့၊ ကိုယ်ခန္ဓာ ခွံမာကို သီလအနှစ်ထုတ်ဖို့၊
အသက်ခွံမာကို ခွဲပြီး ဘာဝနာ အနှစ်ထုတ်ဖို့ လမ်းညွှန်ပေးကြပါတယ်။
လမ်းညွှန်ချက် ရပေမယ့် တချို့က ရွှေရိုးလို ``မာတယ်ဗျ´´လို့
ငြင်းနေတတ်ကြပါသေးတယ်။
တိပိဋကဓရ - ဓမ္မဘဏ္ဍာဂါရိက
ယော ဆရာတော်ကြီး
ဤဓမ္မပုံပြင်ဖြင့် ဆရာတော်သည်---
(၁) လူ့ဘဝဆိုသည်မှာ အကာနှင့်အနှစ် ခွဲခြားသိမြင်မှသာ အကာကို ခွဲ၍
အနှစ်ကို ဆွဲယူနိုင်လိမ့်မည်။ အကာလောက်ကိုသာ အနှစ်ထင်နေလျှင်
အကာနှင့်သာ တစ်ဘဝဆုံးနေတတ်ကြောင်း။
(၂) ဗုဒ္ဓမြတ်စွာသာသနာတော်သည် အကာကို အကာမှန်း၊ အနှစ်ကို အနှစ်မှန်း
သိမြင်စေရန် ရှင်းလင်းပြတ်သားစွာ ညွှန်ပြပေးနေသော
လမ်းစဉ်တစ်ခုဖြစ်ကြောင်းနှင့်
(၃) လူ့ဘဝ လူ့လောက စားဝတ်နေရေးအတွက် ရုန်းကန်ရှာဖွေရင်း
ကံအားလျော်စွာ ရတနာသုံးပါး၊ ပညာရှိသူတော်ကောင်းများနှင့်
တွေ့ဆုံခိုက် သူတို့၏လမ်းညွန်ချက်တွေနှင့်အညီ ဘဝ၏တန်ဖိုး၊
ဘဝ၏အနှစ်သာရကို တွေ့ရှိစားသုံးနိုင်ကြရန် အလွယ်တကူ
အားထုတ်နိုင်မိကြစေဖို့ ရည်သန်၍ ဟောဖော်ညွန်ပြသွားခြင်း
ဖြစ်ပါသည်။
တော်ဝင်နွယ်
(ဓမ္မပုံပြင်များ)
0 comments:
Post a Comment
အသိဥာဏ်ဖြင့် ဘ၀ကို တည်ဆောက်ပါ။