အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

Thursday, December 3, 2015

သွေးတိုးရောဂါ ရှိ-မရှိ သိနိုင်သော အချက်များ

အလစ်အငိုက် သွေးတိုး ဆောင့်တက်ပြီး လေဖြတ်ကာ အသက်မသေ သော်လည်း ဒုက္ခိတဘဝ ရောက်ရသူ များစွာ တွေ့ဖူးသည်။ ထိုသူများတွင် ကျန်းမာရေး ဗဟုသုတ နည်းပါးသော တောနေ ဆင်းရဲသား လူတန်းစားများ ပါရှိသကဲ့သို့ ပညာတတ် မြို့နေ လူတန်းစား အချို့လည်း ပါဝင်သည်ကို တွေ့ရသည်။ ထိုသူများသည် အလုပ်နှင့် စီးပွားရေး ကိုသာ ဂရုစိုက် နေသူများ ဖြစ်ပြီး ကျန်းမာရေးကို ဂရုမစိုက် လျစ်လျူရှုထား မိသူများ ဖြစ်သည်။

သွေးတိုးရောဂါနှင့် လေဖြတ်သူ များကို လေ့လာ ကြည့်သောအခါ
(၁) သွေးတိုးရောဂါ ဝင်နေသည်ကို သတိမပြုမိသူ။
(၂) သွေးတိုးရောဂါ ဝင်နေသည်ကို သိသော်လည်း သွေးတိုး ကျဆေးကို ပုံမှန် မသောက်သူ။
(၃) သွေးတိုးကျဆေး သောက်သော်လည်း မိမိနှင့် သင့်တော် မှန်ကန်သော သွေးတိုးကျဆေး မဟုတ်ဘဲ လွဲမှားသည့် (သို့မဟုတ်) စံချိန်စံညွှန်း မမီသည့် သွေးတိုးကျဆေး ကို သောက်သုံး နေမိသူ။
(၄) သွေးပေါင်နေ့စဉ် ပုံမှန်ချိန်ခြင်း၊ ဆရာဝန်၊ သမားတော်နှင့် တိုင်ပင် ကုသခြင်း မဟုတ်ဘဲ ဆေးအရောင်း ဆိုင်မှ ပေးသောဆေး၊ ကြော်ငြာ ရောင်းချသော ဆေးများကို သုံးစွဲနေသူများ။
(၅) ပုံမှန်သွေးကျဆေး သောက်သုံး နေစဉ်ပင် ရာသီဥတု ဆိုးရွားခြင်း၊ အအေးပတ်ခြင်း၊ အလွန် ဆိုးရွားသော အစားအသောက် မှားယွင်းခြင်း တို့ကြောင့်လည်း ရုတ်တရက် သွေးဆောင့်တိုးပြီး လေဖြတ်ရသူ။

စသည့် အခြေအနေ ငါးမျိုးကို လေ့လာတွေ့ရှိ ရသည်။

စာရေးသူ၏ မိတ်ဆွေ တစ်ဦးသည် အလှူတစ်ခုမှ ဝက်သားနှင့် ငါးခြောက်ချက် ဟင်းများ စားခဲ့သဖြင့် သွေးတိုးကာ သတိလစ်ပြီး ဆေးရုံတက် ရသည်။ သွေးပေါင်ချိန် ရာတွင် အပေါ် 200 mm Hg နှင့် အောက် 120 mm Hg ရှိသည်။ ဆေးရုံ အရောက်စော သဖြင့် သွေးတိုးချပေး နိုင်ပြီး လေမဖြတ်ခြင်း ဖြစ်သည်။ သူ့တွင် သွေးတိုးရှိမှန်း သူ ကိုယ်တိုင်လည်း သိသည်။ မည်သည့် သွေးတိုးကျဆေး စားသနည်း မေးသောအခါ ဆင်တုံးမနွယ်နှင့် ဘုမ္မရာဇာ ပါဝင်သော ချက်ဆေး တစ်မျိုးကို စားသည်။ လေနှင့်ဝမ်းလည်း မှန်သည်။ စားကောင်း အိပ်ပျော်သည် ဟု ဆိုသည်။ သို့သော် ထိုဆေးသည် သွေးတိုးကို ပုံမှန်မထိန်းနိုင် သဖြင့်သာ ဆေးရုံရောက်ရခြင်း ဖြစ်သည်။

မြန်မာဆေး၊ ဆေးမြီးတို၊ ရောင်းတမ်းဆေး များကို သုံးစွဲသူများ မိမိအိမ်တွင် သွေးပေါင်ချိန် တိုင်းသော ကိရိယာ ဝယ်ထားပြီး နေ့စဉ် နံနက်ပိုင်း တစ်ကြိမ်၊ ညအိပ်ရာဝင် တစ်ကြိမ် သွေးပေါင်ချိန် သင့်သည်။ ယနေ့ခေတ်တွင် အလိုအလျောက် တိုင်းနိုင်သည့် ဒီဂျစ်တယ် သွေးပေါင်ချိန်တိုင်း ကိရိယာများ ပေါ်နေပြီ ဖြစ်သည်။ သွေးပေါင်ချိန် ကိရိယာကို ဆရာဝန်မှ သုံးရသည် မဟုတ်ပါ။ အိမ်တိုင်း ဆောင်ထားသင့် ပါသည်။

သွေးတိုးရှိ၊ မရှိ ကိုယ်တိုင်သိနိုင်သော လက္ခဏာများ
၁။ ဦးခေါင်း၊ နောက်စေ့အနီးမှ ခေါင်းကိုက်ခြင်း။
၂။ လေပွပြီး အစာမကြေ ဖြစ်နေခြင်း။
၃။ ပုံမှန် ဝမ်းမသွားဘဲ ဝမ်းချုပ်ခြင်း။
၎။ အိပ်ချင်ငိုက်မျဉ်းခြင်း၊ သမ်းဝေခြင်း။
၅။ မျက်စိနီခြင်း၊ မျက်ရည်ပူကျခြင်း။
၆။ ရင်တုန်ခြင်း၊ မောပန်းခြင်း၊ အသက်ရှူမဝခြင်း။
၇။ ဆီးသွားကြိမ် ပုံမှန်မဟုတ်ခြင်း၊ ဆီးအမြှုပ်ထခြင်း။
၈။ ကိုယ်ဟန်မမှန်ခြင်း၊ ဒယိမ်းဒယိုင်ဖြစ်ခြင်း။
၉။ သတိလစ်ခြင်း၊ အသိစိတ်လွတ်ခြင်း။
၁ဝ။ စကားအသံမမှန်ခြင်း၊ လျှာလေးခြင်း။

စသော လက္ခဏာများ ဖြစ်လာခဲ့လျှင် သွေးပေါင်ချိန် စစ်ဆေးပြီး သွေးပေါင် ပုံမှန်တက်တက် နေပါက သွေးပေါင် ချပေးနိုင်မည့် အရေးပေါ် ကုသပေးနိုင်သည့် ဆေးခန်း၊ ဆေးရုံများသို့ သွားသင့်သည်။ အချိန်နောက်ကျ ခဲ့ပါလျှင် သွေးဖိအားကြောင့် ဦးနှောက် သွေးကြော ပေါက်ခြင်း၊ လေဖြတ်ခြင်း၊ အသက်ဆုံးရှုံး ခြင်းများ ဖြစ်နိုင်သည်ကို သတိပြုပါ။

ကြည်မြင့်လွင် (မုဒြာ)

============

မြ၀တီ

Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

အသိဥာဏ်ဖြင့် ဘ၀ကို တည်ဆောက်ပါ။

အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

 

Copyright @ 2013 အရှင်တေဇိန္ဒ ဒိုက်ဦး.