အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

Saturday, December 19, 2015

နတ်ကိုးကွယ်မှု သမိုင်း

နတ်ဟူသော မြန်မာစကားသည် နာထ=ကိုးကွယ်ရာဟူသော ပါဠိစကားနှင့်နာထိ=အရှင်သခင်ဟူသော သက္ကဋစကားတို့မှ ဆင်းသက်လာဟန်လက္ခဏာရှိ၏။မြန်မာပြည်၌နတ်ကိုးကွယ် ပူဇော်ပသမှုသည် ဗုဒ္ဓဘာသာမရောက်မီ ရှေးပဝေဏီ ကာလကပင် ရှိနှင့်ပြီးဖြစ်၏။နတ်သည် ကိုးကွယ်ရာ အရှင်သခင်ဖြစ်သည် အားလျော်စွာ သစ်ပင် တောတောင် ရေမြေ စသည်တို့ကို အုပ်စိုးပြီး ပူဇော်ပသသူများအား စောင့်ရှောက်မစတတ်၏ဟု ယူဆကြကုန်သည်။ရှေးဦးစွာ အကိုးအကွယ် အပူဇော် အပသ ခံရသော နတ်တို့သည် ရုက္ခစိုးနတ် တောစောင့်နတ် တောင်စောင့်နတ် ရေကန်စောင့်နတ် ရွာစောင့်နတ်တို့ ဖြစ်ကြကုန်၏။ထိုနောက်တသီးတခြားနတ် ၃၆ဦးတို့ ပေါ်ပေါက်လာကုန်၏။ထိုနတ်တို့ကို တောရော မြို့ပါ အနှံ့အပြား တနိုင်ငံလုံး ကိုးကွယ်ပသကြကုန်သည်။
အနော်ရထာမင်းသည် ရှေးဦးစွာ နတ်ကိုးကွယ်ခြင်းကို လုံးဝပျောက်ကွယ်သွားရန် ကြိုးပမ်းသည်။နတ်ရုပ်အားလုံးကို သိမ်းကျုံးပြီး နတ်လှောင်ကျောင်းထဲ၌ ထည့်ထားသည်။နတ်တို့သည် မိမိလောက် တန်ခိုးမရှိကြကြောင်း ပြရန် နိုင်ငံတော်အတွင်း လှည့်လည်၍ နတ်စင်တို့ကို ဖြိုဖျက်ပြီး နတ်ရုပ်တို့ကိုလည်း ရိုက်နှက်လေသည်။သို့ရာတွင် နတ်ကိုးကွယ်သည့်အယူဝါဒသည် နှိကွပ်၍ မရနိုင်လောက်အောင် လူတို့၏စိတ်ထဲ၌ စွဲမြဲခိုင်ခံ့နေကြောင်းကို နောက်၌ သိရှိရပေတော့သည်။ထိုအခါ အနော်ရထာမင်းသည် နတ်ကိုးကွယ်သည့် အယူဝါဒကို ဗုဒ္ဓဘာသာ၏ လက်အောက်ခံအဖြစ်ဖြင့် ခွင့်ပြုလိုက်ရပေသည်။သူသည် ရှိရင်းစွဲ ၃၆မင်း နတ်များထဲသို့ သိကြားမင်းကို နောက်ထပ် ထည့်သွင်းရုံသာမက သူကွပ်မျက်ခဲ့သော သူ၏သူရဲကောင်း ရွှေဖျဉ်းညီနောင် နှစ်ယောက်ကို မင်းညီနောင် နတ်များအဖြစ်ဖြင့် နတ်ဟောင်းနှစ်ဦးကို ထုပ်ပယ်၍ အသစ်လဲလှယ် ထည့်သွင်းခဲ့သည်။၃၇မင်းနတ်တို့ကို ပူဇော်ပသရန် လာသောအခါ ဘုရားကိုလည်း ဖူမြော်ကန်တော့ ရလေအောင် ထိုနတ်တို့ကို ရွှေစည်ခုံ ဘုရားကုန်းတော်ပေါ်သို့ ရွှေ့ပြောင်းထားခဲ့သည်။ထို့ပြင် ဗုဒ္ဓဘာသာကို ယုံကြည်လေးစားသော နတ်များဖြစ်ရလေအောင် ဘုရားရှိခိုးနေသည့် အသွင်ဖြင့် နတ်ရုပ်များကို ထုလုပ်ခဲ့လေသည်။ဤသို့လျှင် နတ်ဝါဒသည် ရှေးအခါကစ၍ ယနေ့တိုင်အောင် တည်ရှိနေပေသည်။
 
(အရှင်ပညိန္ဒာဘိဝံသ၏ အိန္ဒိယ မြန်မာ ဗုဒ္ဓဘာသာစာအုပ်မှ)

 http://utejindadalku.blogspot.com/
အရှင်တေဇိန္ဒ ဒိုက်ဦး စာရိုက်ပူဇော်သည်

Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

အသိဥာဏ်ဖြင့် ဘ၀ကို တည်ဆောက်ပါ။

အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

 

Copyright @ 2013 အရှင်တေဇိန္ဒ ဒိုက်ဦး.